ကျောက်ဆည် မေ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် သင်တောင်းကျေးရွာ တန်ခိုးကြီးဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားတွင် ယနေ့နံနက်(၇)နာရီက ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဂေါပကအဖွဲ့ ဦးဆောင်မှုဖြင့် ပင်းသံဃာအပါး (၅၀)ပါးအား ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဘွယ်ပစ္စည်းများ စုပေါင်းလှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ သင်တောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်စံသိန်း၊ မဟာရွှေသိမ်တော်ဂေါပကဥက္ကဋ္ဌ ဦးကျော်ဆွေနှင့် ဂေါပကအဖွဲ့ဝင်များ၊ စေတနရှင်၊ အလှူရှင်များက တောင်လွှဲကျေးရွာ၊ ကျေးရွာသံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တစန္ဒာကုမာရ အမှူးပြုသော ပင့်သံဃာ အပါး(၅၀)အား ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဘွယ်ဝတ္ထု အစုစုတို့အား စုပေါင်းလှူဒါန်းခဲ့ပြီး သံဃာတော် များအား ဆွမ်းဆက်ကပ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခြင်း အခမ်းအနား ဆက်လက် ပြုလုပ်ရာ ဆွမ်းလောင်းပွဲသို့ တက်ရောက်လာကြသည့် အလှူရှင်များနှင့် ပြည်သူများက တောင်လွှဲကျေးရွာ၊ ကျေးရွာ သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တစန္ဒာကုမာရထံမှ ငါးပါးသီလတရား ခံယူဆောက်တည်ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်းနှင့် အခမ်းအနားအပြီးတွင် သင်တောင်းကျေးရွာမှ အလှူရှင် ဦးလှထွန်း+ဒေါ်ခင်ပိုင်(မိသားစု)မှ စတုဒီသာထမင်းများ ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရှိရသည်။
သက်မောင်