မိတ္ထီလာ မေ ၁၄
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မိတ္ထီလာမြို့ မဟာဓမ္မရာဇိက ရွှေမြင်တင်စေတီတော်၌ ယနေ့ မေလ ၁၄ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)နံနက် ၆နာရီအချိန်က ပင့်သံဃာတော် ၁ဝ၈ ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူး၍ ကျင်းပကြောင်း သိရသည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ရှေးဦးစွာ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊ ပါဠိတက္ကသိုလ် ဥယျာဉ် စာသင်တိုက်ပဓနနာယက၊ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တသူရိယထံမှ ငါးပါးသီလတရားတော်များနှင့် ပင့်သံဃာတော်များ ရွတ်ပွားသရဇ္ဈယ်သည့် ပရိတ်တရားတော်များကို လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်ချုပ်စိုးအောင်၊ တပ်နယ်မှူး ဗိုလ်မှူးကြီးသန်းနိုင်စိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆွမ်းဆန်စိမ်းလောင်းလှူကြမည့် ဒေသခံစေတနာရှင် အလှူရှင်များက နာယူကြည်ညိုကြသည်။ ဆက်လက်၍ ပင့်သံဃာတော် ၁ဝ၈ ပါးတို့အား လှူဖွယ်ဝတ္တုများကို တာဝန်ရှိသူများက ဆက်ကပ် လှူဒါန်းကြပြီး နိုင်ငံတော်သံဃမဟာနာယက (ဒုတိယဥက္ကဋ္ဌ)၊ သာသနဝေပုလ္လ ပါဠိတက္ကသိုလ် ပရိယတ္တိ စာသင်တိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒထံမှ ရေစက်ချ အနုမောဒနာတရား နာယူကြသည်။ ထို့နောက် မဟာဓမ္မရာဇိက ရွှေမြင်တင်စေတီတော်၏ ရင်ပြင်တော်တွင် ဘုရားအမှူးရှိသော ပင့်သံဃာတော် ၁ဝ၈ ပါးတို့အား ဆွမ်း၊ ဆွမ်းဟင်း၊ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္တုများကို တာဝန်ရှိသူများနှင့် ဒေသခံ စေတနာရှင်အလှူရှင်များက လောင်းလှူကြပြီး အဆိုပါ စေတီတော်ရှိ မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြကြောင်း သိရသည်။
ချမ်းသာ