ကျိုင်းတုံ မေ ၁၄
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ယမန်နံနက်(၇)နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ သီလဓမ္မကုန်းသာ တောရကျောင်းသို့ သွားရောက်ကာ ကျောင်းထိုင်ဆရာတော် ဝစီပိတ်ဆရာတော်အား ဖူးမျှော်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဖွယ်ပစ္စည်းနှင့် အလှူငွေကျပ်သိန်း(၅၀)ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများက လှူဒါန်းပေးကြပြီး ဗုဒ္ဓဥယျာဉ်၌ ရေကန်များ၊ ရေနုတ်မြောင်းများ တူးဖော်နေမှုကို ကြည့်ရှုကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်ထွန်းမြတ်ရွှေ၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကြက်ခြေနီတပ်ဖွဲ့ဝင်များအတွက် ဝတ်စုံစရိတ် ထောက်ပံ့ပေးအပ်ခြင်းကို တက်ရောက်ကာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ကြက်ခြေနီအသင်းအဖွဲ့သည် အစိုးရအဖွဲ့နှင့် မိတ်ဘက်အသင်းအဖွဲ့ဖြစ်ပြီး နိုင်ငံတော်မှလည်း အားထားရသည့် အသင်းအဖွဲ့ဖြစ်ပါကြောင်း၊ ယခုလိုမိမိတို့အဖွဲ့က လာရောက်၍ ခရိုင်၊ မြို့နယ်များရှိ ကြက်ခြေနီတပ်ဖွဲ့များကို ဝတ်စုံစရိတ်အတွက် အစိုးရအဖွဲနှင့် ကုမ္ပဏီအလှူရှင်များမှ ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကြက်ခြေနီတပ်ဖွဲ့ဝင်အတွက် ဝတ်စုံစရိတ် ငွေကျပ်သိန်း(၂၀)၊ အလှူရှင်ကုမ္မဏီများမှ လှူဒါန်းငွေကျပ် (၃၃၇၀၀၀၀)တို့ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် အလှူရှင်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးတို့က ပေးအပ်လှူဒါန်းပေးရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါ်စန်းစန်းမြင့်က လက်ခံယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။
ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခေမရဋ္ဌ်ခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ် ဆရာဆရာမများနှင့် တွေဆုံရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက သက်ဆိုင်ရာ ပါမောက္ခများကလည်း ကျောင်းသား၊ ကျောင်းသူများကို ဂရုတစိုက်သင်ကြားပေးနိုင်ရန်နှင့် ကျောင်းအတွက် လိုအပ်ချက်များရှိပါက မိမိတို့ အစိုးရအဖွဲ့သို့ တင်ပြရန်နှင့် အားလုံးက ဝိုင်းဝန်းပူးပေါင်း ကြိုးစားပေးကြရန် ပြောကြားပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ကျိုင်းတုံတက္ကသိုလ် ဘက်စုံဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ငွေကျပ် (၁၀)သိန်းကို ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ ကျိုင်းတုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစမ်းစမ်းမာမှ လက်ခံရယူပြီးကျောင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည့်များ ဖြည့်စွက်မှာကြားပြီး ပေါမာက္ခဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း (ကျိုင်းတုံ)၊ တက္ကသိုလ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ နိုင်-၄ မှတ်တမ်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများမှ ကွန်ပျူတာအလုံး (၃၀) ဖြင့် Software ကို အသုံးပြု၍ ကိုယ်ရေးအချက်အလက်များ ထည့်သွင်းခြင်းလုပ်ငန်းအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ကြည့်ရူရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းအောင်ကျော်မှ ရှင်းလင်းပြောကြားသည်။ အဆိုပါ ကျိုင်းတုံမြို့နယ်တွင် နိုင်-၄ မှတ်တမ်းရိုက်သွင်းရန် (၂၂၂၂၄၃) ဦး ရှိသည့်အနက် ယနေ့အထိ (၁၃၅၉၇၅) ဦး ရိုက်သွင်းပြီးစီးပြီး မိုင်းလားမြို့နယ်တွင် နိုင်-၄ မှတ်တမ်းရိုက်သွင်းရန် (၅၀၁၈၈) ဦး ရှိသည့်အနက် ယနေ့အထိ (၂၄၀၄၀) ဦး ရိုက်သွင်းပြီးစီးပြီး ရှမ်းပြည်နယ် အရှေ့ပိုင်းတစ်ခုလုံးအတွင်း နိုင်-၄ မှတ်တမ်းများ ရိုက်သွင်းရန် (၈၀၁၆၃၄) ဦး ရှိသည့်အနက် ယနေ့အထိ (၅၆၂၂၄၆) ဦး ရိုက်သွင်းပြီးစီးနေပြီဖြစ်သည့်အတွက် ၇၀.၁၄ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
၎င်းနောက် ကျိုင်းတုံပညာရေးဒီဂရီကောလိပ်သို့ သွားရောက်ကာ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကျောင်းအတွက် ဘက်စုံဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်းနှင့် အားကစားပစ္စည်းများ ပေးအပ်ရာ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းအေးသီရီဦးက လက်ခံရယူ၍ ကျောင်းနှင့် ပတ်သက်သည့် အချက်အလက်များ တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည့်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း (တောင်ကြီး)