မိုင်းယောင်း စက်တင်ဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် မိုးစပါးအထွက်နှုန်း တိုးတက်ရေး အတွက် ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ တောင်သူများအား ပိုးမွှားကာကွယ်ဆေး ထောက်ပံ့ ပေးအပ် ခြင်းကို ယနေ့ နံနက်ပိုင်းက ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက စပါးစိုက်ပျိုးထုတ်လုပ်ရာတွင် သမရိုးကျ စိုက်ပျိုးနည်းစနစ်များကိုသာ လိုက်နာကျင့်သုံးမည်ဆိုပါက ထွက်ရိုးထွက်စဉ် စပါးအထွက်ကိုသာ ရရှိမည်ဖြစ် ကြောင်း၊ စပါးအထွက်ပိုစေလိုလျှင် စပါးအထွက်တိုးရေးကို မစွမ်းဆောင်နိုင်သော သမရိုးကျ စိုက်နည်း စနစ်များ ကို ရှောင်ကျဉ်၍ အထွက်တိုးစေမည့် မှန်ကန်သော နည်းစနစ်များကို လိုက်နာ ဆောင်ရွက် ရမည်ဖြစ် ကြောင်း၊ စပါးအထွက်တိုးစေရန်မှာ စပါးအထွက်ကို အကျိုးပြုနေသော အခြေခံအင်္ဂါရပ်များကို အချိုးညီညီ၊ ဟန်ချက်မပျက် တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စပါးထွက်ကို အကျိုးပြုနေသော စပါးထွက်အင်္ဂါရပ်များ တိုးတက်စေရန်အတွက် စပါးပင်၏ သက်တမ်းတစ်လျှောက် အပင်ကြီးထွားမှု အဆင့်တိုင်းတွင် ပြုစုစောင့်ရှောက်ရမည့် လုပ်ငန်းများကို သက်တမ်းအလိုက် မဖြစ်မနေ လိုက်နာ နိုင်ကြ ရန်နှင့် စပါးအထွက်တိုးရန် ရှောင်ရန် ဆောင်ရန်များ၊ မစိုက်ပျိုးမီအချိန် ရှောင်ရန် ဆောင်ရန်များ၊ အနှံထွက် ချိန်တွင် ရှောင်ရန် ဆောင်ရန်များနှင့် ရင့်မှည့်ချိန်တွင် ရှောင်ရန် ဆောင်ရန်များတို့ကို ရှင်းလင်း ပြောကြား ခဲ့သည်။
ထို့နောက် ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ တောင်သူများအတွက် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယ ပြည်နယ်ဦးစီးမှူး ဦးလှဝင်းမှ ထောက်ပံ့သော ပိုးမွှားရောဂါကာကွယ်ရန် မန္တလာ-၂ ကြွက်သတ် ဆေးကို မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ တောင်သူတစ်ဦးချင်းကို လက်ဝယ် အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း