ကျောက်ဆည်၊ စက်တင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာနိုင်ရေး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ(၄)ရက် နံနက်(၉)နာရီက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ ဥက္ကဋ္ဌ ဦးသက်ထွန်းက ဒုတိယအကြိမ် မဲဆန္ဒရှင်များအား စက်တင်ဘာ (၂၀) ရက်နေ့တွင် စတင်ကြေညာပေးသွားမည်ဖြစ်ရာ မဲစာရင်းများ ကြေညာရာတွင် အသက် (၁၈) နှစ်ပြည့်ပြီးသူ ပြည်သူအားလုံး မဲပေးခွင့်မဆုံးရှုံးစေရေးမဲစာရင်းတွင် ပါဝင်ဖို့လိုကြောင်း အမည်နှင့်မှတ်ပုံတင်အမှတ်များ မှား ယွင်းမှုမရှိစေရေး ပြည့်စုံမှန်ကန်မဲစာရင်းများ ဖြစ်စေရေးတို့အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက မိမိတို့တာဝန်ကျသည့် ရပ်ကွက်၊ ကျေးရွာများအလိုက် မဲဆန္ဒရှင်စာရင်းများ စစ်ဆေးဖို့လိုကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်နွဲ့နွဲ့ခိုင်က လိုအပ်သည်များဖြစ်သော ပုံစံ (၂) မဲဆန္ဒရှင်စာရင်းကြေညာစာများ၊ ပုံစံ (၃) မဲစာရင်းတောင်ဆိုလွှာ၊ ပုံစံ (၄) ကန့်ကွက်လွှာ၊ ပုံစံ (၄-ဂ) ပြင်ဆင်လွှာများ ထုတ်ပေးမည်ဖြစ်ရာ ပြည်သူများ မဲဆန္ဒရှင်စာရင်းတွင် မိမိအမည်ပါရှိရေး လာရောက်ကြည့်ရှုရန် တိုက်တွန်းပြောကြားရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များက မိမိတို့တာဝန်ကျသည့် ရပ်ကွက်၊ ကျေးရွာများ၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာရာတွင် ပြီးပြည့်စုံသော မဲဆန္ဒရှင်စာရင်းများဖြစ်စေရေး မဲစာရင်းများကို စနစ်တကျစစ်ဆေးသွားမည့်အစီအမံများကို ပြည်လည်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
တင်တင်ထွေး(ခရိုင်ပြန်/ဆက်)