လှည်းကူးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းနှင့် နှာခေါင်းစီး(Mask)များ အခမဲ့တပ်ဆင်ပေး

လှည်းကူး စက်တင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်အတွင်း လမ်းသွားလမ်းလာပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင် စေရေး အတွက် အသိပညာပေး အရှိန်အဟုန်ဆောင်ရွက်ခြင်းနှင့် နှာခေါင်စီး (Mask)များ အခမဲ့တပ်ဆင်ပေးဝေခြင်းကို ယမန်နေ့နံနက် (၈)နာရီခွဲက လူစည်ကားရာနေရာဖြစ်သော မြို့မဈေးရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နှာခေါင်းစည်း (Mask) တပ်ဆင်နိုင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဝင်းတို့ ဦးဆောင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး ကော်မတီဝင်များ၊ ဈေးကော်မတီဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ လှည်းကူးမြို့နယ်အတွင်း လူစည်ကားရာ နေရာဖြစ်သော မြို့မဈေး အဝင်/အထွက်အပေါက် နေရာများတွင် ပြည်သူများ နှာခေါင်းစီး (Mask)တပ်ဆင်ပြီးမှ အပြင်ထွက်စေရန်၊ ဈေးသူဈေးသားများနှင့် လမ်းသွားလမ်းလာများအား နှာခေါင်းစီး(Mask)တပ်ဆင်ပြီးမှ အပြင်ထွက်စေရန် အသိပညာပေးဆောင်ရွက်ခြင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက နှာခေါင်းစီး(Mask) တပ်ဆင်လာခြင်း မရှိသူများအား အရေအတွက် (၃၅၀)ခုတို့ကို အခမဲ့ပေးဝေ တပ်ဆင်ပေးခဲ့ကြောင်း သိရပါတယ်။

ယခုအခါ ကိုဗစ်-၁၉ ရောဂါသည် ကူးစက်မှုနှုန်း ပိုမိုမြင့်မားလာနေပြီဖြစ်သည့်အတွက် လူထူထပ်ရာ နေရာများတွင် ရောဂါပိုမို ကူးစက်နိုင်သောကြောင့် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အပြင်မထွက်ကြရန်နှင့် တစ်စုံတစ်ရာ အရေးကြီးကိစ္စများ ပေါ်ပေါက် လာပါက နှာခေါင်းစီး (Mask)များ တပ်ဆင်ပြီးမှ သွားလာရန်၊ Hand Gel  များဖြင့် လက်များကို မကြာခဏ ဆေးကြောသန့်စင်ရန် သတ်မှတ် ဦးရေထက် ပိုမိုစုဝေးခြင်း မပြုရန် ပညာပေးနှိုးဆော်ခဲ့ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကူးစက်ရောဂါကာကွယ် နှိမ်နှင်းရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်လင်း(လှည်းကူး)