တောင်ကြီးမြို့နယ်တွင် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကျင်းပ

တောင်ကြီး မေ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ လုပ်ငန်းခွင်အတွင်း ထိခိုက်မှုကြောင့်သေဆုံးသူ အာမခံအလုပ်သမား၏ မိသားစုအား ကျန်ရစ်သူအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကို အလုပ်သမားဝန်ကြီးဌာန၊ ပြည်နယ် လူမှုဖူလုံရေးရုံးတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်လူမှုဖူလုံရေးရုံး၊ ပြည်နယ်တာဝန်ခံ ဒေါ်တင်တင်အောင်က အဖွင့်အမှာစကားပြောကြားပြီး ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်တာဝန်ခံက ဒေါ်တင်တင်အောင်က လုပ်ငန်းခွင်အတွင်းထိခိုက်မှုကြောင့် သေဆုံးခဲ့သော အင်းဝဘဏ်လီမိတက် တောင်ကြီးဘဏ်ခွဲမှ အာမခံအလုပ်သမား ဦးထွန်းနိုင်ဦး၏ အကျိုးခံစားခွင့် ငွေကျပ်ခုနစ်ဆယ့်နှစ်သိန်းတိတိအား ဇနီးဖြစ်သူ ဒေါ်လဲ့ဝေဖြိုးထံသို့ လည်းကောင်း၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအေးသောင်းက လုပ်ငန်းခွင်အတွင်းထိခိုက်မှုကြောင့် သေဆုံးခဲ့သော ကမ္ဘောဇဘဏ်လီမိတက်၊ ပင်းတယဘဏ်ခွဲမှ အာမခံအလုပ်သမား ဒေါ်ခက်ခက်ဝေ၏ အကျိုးခံစားခွင့်  ငွေကျပ် သိန်းခြောက်ဆယ်တိတိအား ခင်ပွန်းဖြစ်သူ ဦးအာကာမင်းထံသို့လည်းကောင်း ပေးအပ်ခဲ့ပြီး ဦးထွန်းနိုင်ဦး၏ ဇနီးနှင့် ကမ္ဘောဇဘဏ်လီမိတက်၊ ပင်းတယဘဏ်ခွဲမှ တာဝန်ရှိသူတစ်ဦးတို့က ကျေးဇူးတင်စကားပြောကြားသည်။

အဆိုပါအခမ်းအနားသို့ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အလုပ်သမားဝန်ကြီးဌာနအောက်ရှိ အရာထမ်း၊ အမှုထမ်းများ၊ လုပ်ငန်းဌာနအသီးသီးမှ လုပ်ငန်းရှင်များ စုစုပေါင်း (၅၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ဇော်နိုင်လင်း