မြိတ်မြို့တွင် သက်တမ်းကုန်ဆုံး ဓာတုဆေးဝါး(၁၁၈)မျိုးအား မီးရှို့ဖျက်ဆီး

မြိတ်  မေ  ၁၃

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် သက်တမ်းကုန်ဆုံးနေသော ဓာတုဆေးဝါး(၁၁၈)မျိုးအား ယနေ့နံနက်ပိုင်းက ကလွင်ကျေးရွာရှိ ကလွင်အမှိုက်ကန်အနီးတွင် မြိတ်ခရိုင်အစားအသောက်နှင့်ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးကော်မတီဝင် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဆေးကုမ္ပဏီ တာဝန်ရှိသူများနှင့်အတူ မီးရှို့ဖျက်ဆီးခဲ့ကြသည်။

“ကိုဗစ်ကာလမှာ ဈေးကွက်ထဲဖြန့်ဖို့ ရုံးတွေလည်းပိတ်ထားတဲ့ အခြေအနေဖြစ်တော့ သက်တမ်းလွန်တဲ့ ဆေးဝါးတွေများသွားပါတယ်။ သက်တမ်းလွန်တဲ့ဆေးဝါးတွေကို စနစ်တကျမစွန့်ပစ်ရင် ပြင်ပမှာပြန်သုံးမိမှာစိုးတဲ့အတွက် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ မီးရှို့ဖျက်ဆီးခြင်း ဖြစ်ပါတယ်။ ဖျက်ဆီးခဲ့တဲ့ ဆေးဝါးစုစုပေါင်းမှာ (၁၁၈)မျိုးရှိပြီး  တန်ဖိုးအားဖြင့်(၃၆၈)သိန်း ကျော်ရှိပါတယ်” ဟု JDS ကုမ္ပဏီလီမိတက် တနင်္သာရီတိုင်းဒေသကြီးရုံးခွဲ မန်နေဂျာ ဦးမြင့်ဌေး က ပြောသည်။

သက်တမ်းကုန်ဆုံးနေသော ဆေးဝါးများကို မြိတ်ခရိုင်အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ကော်မတီဝင် ခေတ္တမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက JDS ကုမ္ပဏီလီမိတက် တနင်္သာရီတိုင်းဒေသကြီး ရုံးခွဲမန်နေဂျာနှင့် ဝန်ထမ်းများစုပေါင်း၍  စနစ်တကျမီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး(မြိတ်)