ပင်လုံ မေ ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ မဟာရဌာဘိသာမဂ္ဂီစေတီတော် သာသနာ့ရက္ခိတဗိမ္မာန်တော်၌ ယနေ့ နံနက်၈နာရီအချိန်က (၅၅)ကြိမ်မြောက် အစိုးရ ပါဠိပထမပြန်စာမေးပွဲလှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအခမ်းအနားနှင့် (၅၄)ကြိမ်မြောက်တွင် ဖြေဆိုခဲ့သည့် စာအောင်သံဃာတော်များအား(စူဠဘွဲ့နှင်းသဘင်)ဆက်ကပ် လှူဒါန်းခြင်း အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာသည့် ပရိသတ်များက နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ပင်လုံမြို့ မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌ ဝေဠုဝန်ကျောင်း ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တပညာဝံသ(မဟာဒဓ္ဓမ္မဇောတိကဓဇ) ဆရာတော်ဘုရားထံမှ သရဏာဂုံသုံးပါးနှင့်တကွ ငါးပါးသီလခံယူပြီး နဝကမ္မဝတ္ထုငွေဆက်ကပ်လှူဒါန်းခြင်းနှင့် ပရိတ်တရားတော်နာယူပန်ဆင်ခဲ့ပါ သည်။ ဆက်လက်၍ (၅၄)ကြိမ်မြောက် စာအောင် သံဃာတော်များအား(စူဠဘွဲ့နှင်းသဘင်) အောင်လက်မှတ်နှင့် ဝတ္ထုအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် ပင်လုံမြို့မွေတော်ကျောင်း စာချဆရာတော် ကောင်းမူး ဂုဏ်နန်းကင်ပူစေတီကျောင်း ဥုးနန္ဒိယဓမ္မကထိက ဆရာတော်ဘုရားထံ အနုမောဒနာတရား နာယူပန်ဆင်ခြင်းနှင့် လှူဒါန်းမှုအစုစုတို့ကို ဝမ်အင်ကျောင်းဆရာတော် ဘဒ္ဒန္တရာဇိန္ဒမှ ဦးဆောင်၍ ရေစက်သွန်းချအမျှအတမ်းပေးဝေပါသည်။ ထို့နောက် အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတု(၃) ကြိမ်ရွတ်ဆို၍ လှူဒါန်းမှုပြီးမြောက်ကြောင်း သိရှိရပါသည်။
အခမ်းအနားသို့ အမှတ် (၂) ဝန်တင်တပ်ရင်းမှ တပ်ရင်းမှူးနှင့် အရာရှိအရာခံများ၊ စေတနာရှင် အလှူရှင်များ၊ ပင်လုံမြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ တက်ရောက်၍ပါဝင် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)