ကျိုင်းလပ်မြို့၌ ကုန်စည်ကူးသန်းမည့် မြန်မာ-လာအို ချစ်ကြည်ရေးတံတား ယနေ့စတင်ဖွင့်လှစ်

တာချီလိတ် မေ ၁၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ရှိ မြန်မာ- လာအို ချစ်ကြည်ရေးတံတားအား ယနေ့နံနက် ၉ နာရီအချိန်က ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

ကျိုင်းလပ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးထွေး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် လာအိုနိုင်ငံ၊ တာ့ခ်ခရိုင်မှ ဒုမြို့နယ်အုပ်ချုပ်ရေးမှုး Mr.Houmphan Chanthavong ဦးဆောင်သောအဖွဲ့တို့မှ  ချစ်ကြည်ရေးတံတားပေါ်၌ နှစ်နိုင်ငံတွေ့ဆုံဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။

မေ ၃ ရက်နေ့က တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်ဦဆောင်သော ကျန်းမာရေး၊ အကောက်ခွန်၊ လဝက၊ ကုန်သွယ်ရေး၊ ရဲတပ်ဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်သော ကိုယ်စားလှယ်အဖွဲ့နှင့် လာအိုနိုင်ငံမှ ကိုယ်စားလှယ်(ရ)ဦးပါဝင်သော အဖွဲ့ဝင်များသည် မြန်မာဖက်ကမ်းချက်ပွိုင့်၌ နံနက် ၉ နာရီအချိန်က နှစ်ဖက်လိုက်နာရမည့် အသေးစိတ်စည်းကမ်းချက်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ညှိနှိုင်းဆုံးဖြတ်ချက်အရကုန်စည်ကူးသန်းရာတွင် ယာဉ်မောင်းများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၂)ကြိမ် ထိုးနှံပြီးရန်လိုအပ်ကြောင်း၊(၁၄)ရက်တကြိမ် ရောဂါပိုးရှိ/မရှိ စစ်ဆေးရန်လိုအပ်ကြောင်း၊ ယာဉ်မောင်း ၂ ဦးလိုက်ပါခွင့်ရှိပြီး သတ်မှတ်နေရာ၌သာ နေထိုင်ကြရန်၊ ကုန်စည်ချရန်တို့အား ညှိနှိုင်းဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

ချစ်ကြည်ရေးတံတားကို မြန်မာစံတော်ချိန် နံနက် ရ နာရီမှ ညနေ ၅ နာရီထိ နေ့စဉ်ပိတ်ရက် မရှိဖွင့်လှစ်သွားမည်ဖြစ်ပြီး ကုန်စည်များကို နေ့ချင်းပြန်ကူးသန်းကြရန်ဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်ထံမှ သိရှိရသည်။

ယာဆေး( ပြန်/ဆက်)