ဗန်းမော် မေ ၁၃
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လူမှုရေးအသင်း အဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ NGO/INGO အဖွဲ့အစည်းများအား တွေ့ဆုံဆွေးနွေးခြင်းကို မေ ၁၁ ရက် မွန်းလွဲ ၂ နာရီက ဗန်းမော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆွေးနွေးရာတွင် ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်က ခရိုင် မှတ်ပုံတင်ရေးအဖွဲ့တွင် မှတ်ပုံတင်ထားသည့် လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များအား မိမိတို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်ဖက်တစ်လှမ်းမှ ပါဝင်ကူညီဆောင်ရွက်နေသည့် အဖွဲ့ အစည်းများဖြစ်သည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ အလားတူ NGO/INGO အဖွဲ့ အစည်းများကလည်း မိမိတို့အဖွဲ့အစည်း ဆောင်ရွက်နေသည့် လုပ်ငန်းများကို ပိုမိုထိရောက် အောင်မြင်စေရေးအတွက် သက်ဆိုင်ရာအစိုးရဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း နှင့် လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဥပဒေနှင့် အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။
တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့အစည်းများ၊ NGO/INGO အဖွဲ့အစည်းများက မိမိတို့ ဆောင်ရွက်နေသည့် လုပ်ငန်းများကို ဆွေးနွေးတင်ပြကြရာ လိုအပ်သည်များကို ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများက ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)