လွိုင်လင် မေ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ ၂၀၂၁ ခုနှစ် (၁၇)ကြိမ်မြောက် အစိုးရပါဠိပထမပြန် စာဖြေပွဲတွင် အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာများအား အောင်လက်မှတ်ဆက်ကပ်ပွဲ စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်(၉)နာရီက လွိုင်လင်မြို့ မင်္ဂလာအနောက်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားကို ဆရာတော်သံဃာတော်များနှင့်ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီးနောက် လွိုင်လင်မြို့ဓာတ်တော် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဒေါက်တာပညာနန္ဒထံမှ ငါးပါးသီလခံယူ ဆာက်တည်ကြသည်။ ယင်းနောက်ဆရာတော် သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ချီးမြှင့်ပေးပါသည်။ ထို့နောက် လွိုင်လင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်မှ သာသနာရေးဆိုင်ရာများ လျှောက်ထားပါသည်။ ယင်းနောက် စာပြန်ပွဲကြီးကြပ်ဆရာတော်များအား နဝကမ္မအလှူငွေများ ဆက်ကပ်သည်။ ဆက်လက်၍ ၂၀၂၁ ခုနှစ် (၁၇) ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာဖြေပွဲတွင် အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာများအား အောင်လက်မှတ်နှင့် အောင်ဆုဆက်ကပ်ခြင်း အစီအစဉ်ကိုကျင်းပရာ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးကြီး သန်းထွန်းအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများနှင့် အလှူရှင်များက တစ်ပါးချင်းဆက်ကပ်ကြသည်။ ထို့နောက် ဓာတ်တော်ကျောင်းတိုက် ဆရာတော်က အနုမောဓနာတရားချီးမြှင့်ခြင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအမျှပေးဝေပြီးနောက် ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်ကာ အခမ်းအနားကို ရုတ်သိမ်းလိုက်ပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
အဆိုပါ (၁၇) ကြိမ်မြောက် အစိူရပါဠိပထမပြန်စာဖြေပွဲမှ ပထမကြီးတန်းတွင် (၅) ပါး၊ ပထမလတ်တန်းတွင် (၁) ပါး ၊ ပထမငယ်တန်းတွင် (၁၀) ပါးနှင့် အခြေပြုမူလတန်းတွင် (၅၅) ပါး ၊ စုစုပေါင်း စာအောင်သံဃာ (၇၁) ပါးရှိကြောင်း သိရသည်။
လွိုင်လင်မိုး