ရိခေါ်ဒါရ်မြို့နှင့် အနီးအနား ပတ်ဝန်းကျင်ကျေးရွာများတွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရိခေါ်ဒါရ် စက်တင်ဘာ ၄

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့နှင့် အနီးအနား ပတ်ဝန်းကျင်ကျေးရွာများတွင် ကိုဗစ် - ၁၉ ရောဂါကြိုတင် ကာကွယ်တားဆီးရေး ဆိုင်ရာ လုပ်ငန်းများကို ရိခေါ်ဒါရ်မြို့ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့ နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်အောင်ဆန်းလင်း ဦးဆောင်မှုဖြင့် ရဲတပ်ဖွဲ့ဝင်များသည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်မှတစ်ဆင့် ပြည်ပနိုင်ငံမှ တရားမဝင် ဝင်ရောက်မှု မရှိစေရေးအတွက် ရိခေါ်ဒါရ်မြို့ ဒေသအတွင်းရှိ နှစ်နိုင်ငံနယ်စပ် နယ်နိမိတ် တစ်လျှောက်၌ နေ့ညမပျက် လှည့်ကင်း၊ ဝပ်ကင်းများဖြင့် လုံခြုံရေးစောင့်ကြည့် စစ်ဆေးခြင်း၊ မြို့အဝင်အထွက် နေရာများ၌ လူဝင် ထွက် သွားလာမှုအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် ခရီးသွားမှတ်တမ်း ရယူဆောင်ရွက်ခြင်းများကို မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီနှင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ရိခေါ်ဒါရ်မြို့နှင့် အနီးအနားပတ်ဝန်းကျင် ကျေးရွာနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ် တားဆီးရေးဆိုင်ရာ အသိပညာပေး လှည့်လည်ဆော်သြခြင်း၊ ရပ်ကွက်/ကျေးရွာအတွင်း အပြင်ထွက် သွားလာလှုပ်ရှားသူ ပြည်သူများအား ပါးစပ်နှင့် နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့သည် ချင်းပြည်နယ်မြောက်ပိုင်းရှိ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် တရားဝင်ထွက်ပေါက်ရှိသည့် မြို့တစ်ခု ဖြစ်သည်နှင့် အညီ နယ်စပ်နိမိတ်မှတစ်ဆင့် ပြည်ပနိုင်ငံများမှ တရားမဝင် ဝင်ထွက်သွားလာမှု မရှိစေရေးအတွက် မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေး ကော်မတီနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး နေ့ညမပျက် စောင့်ကြည့် စစ်ဆေး နေကြောင်း၊ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အသိပညာပေးခြင်းကို ရပ်ကွက် အတွင်း အခါအားလျော်စွာ အသိပညာပေးလှည့်လည် ဆော်သြလျက်ရှိကြောင်း သိရသည်။

လာလ်ပက်လောမ် (ပက်ကာ)