ပညာရေးဝန်ကြီးဌာနရှိ နည်းပညာတက္ကသိုလ် (ထားဝယ်)တွင် ကျောင်းသား/သူများအတွက် တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်

ထားဝယ် မေ ၁၂

မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ နည်းပညာတက္ကသိုလ်များတွင် ကိုဗစ်-၁၉ရောဂါကြောင့် ယာယီရပ်နားထားရာ၌ ဖွင့်လှစ်ရန် ကျန်ရှိသော ပထမနှစ်မှစတုတ္ထနှစ်ထိ အတန်းများ၊ ပဥ္စမနှစ်အောင်နှင့်ဆဋ္ဌမနှစ် တက်ရန်ကျန်ရှိသော ကျောင်းသား/သူများ၊ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ် ပထမနှစ်ဝင်ခွင့်ရ ကျောင်းသား/သူများအတွက် တက္ကသိုလ်များ ဖွင့်လှစ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပညာရေးဝန်ကြီး ဌာနရှိနည်းပညာတက္ကသိုလ် (ထားဝယ်)တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

နည်းပညာတက္ကသိုလ် ထားဝယ်ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်အောင်က နိုင်ငံတစ်နိုင်ငံ၏အနာဂတ်သည် ယနေ့လူငယ်လူရွယ်များ၏ ပညာရေးဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာလည်း သိပ္ပံနှင့်နည်းပညာအခန်းကဏ္ဍသည် အဓိကကျသော အကြောင်းအရာတစ်ခုလည်းဖြစ်ကြောင်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနစတင်ဖွဲ့စည်းခဲ့ပြီးနောက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်းသစ်ထီထွင်နိုင် သော သုတေသနပညာရှင်များ ပေါ်ထွန်းလာစေရန်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုလူ့စွမ်း အားဖွံ့ဖြိုးတိုးတက်စေရန်၊ အင်ဂျင်နီယာ၊ ဗိသုကာ၊ ကွန်ပျူတာ အသိပညာရှင်များ၊ အတက်ပညာရှင်များ၊ ပြုစုပျိုးထောင်ရန်၊ အလုပ်အကိုင်အခွင့်အလမ်း၊ ဝင်ငွေတိုးတက်ရရှိစေရေးနှင့် လူမှုစီးပွားဘဝ မြှင့်တင်ဆောင်ရွက်နိုင်စေရေးတို့အတွက် နည်းပညာကောလိပ်၊ ကွန်ပျူတာကောလိပ်တို့မှတဆင့် နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များသို့ နိုင်ငံအနှံ့အဆင့်ဆင့်တိုးမြှင့် ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း၊ နည်းပညာတက္ကသိုလ် (ထားဝယ်)တွင် BE ဘွဲ့ရ (၈၆၂)ဦး၊ BTech ဘွဲ့ရ(၉၅၁)ဦး မွေးထုတ်ဆောင်ရွက်ပေးပြီးကြောင်း၊ ကျောင်းသား/သူများအနေဖြင့် မိမိတို့၏ သင်ကြားရေးကိစ္စရပ်များ၊ အခြားအထောက်အကူပြု ကိစ္စရပ်များတွင် မိမိတို့ဌာနရှိ ဌာနမှူးများ၊ အဆောင်မှူးများ၊ သင်တန်းရေးရာဌာနများတွင် အကူအညီတောင်းဆောင်ရွက်နိုင်ကြောင်း ကျောင်းသား/သူများအား ကြိုဆိုနူတ်ခွန်းဆက် စကားပြောကြားခဲ့သည်။

နည်းပညာတက္ကသိုလ်(ထားဝယ်)တွင် လက်ရှိကျောင်းသားဦးရေ (၈၉၄)ဦး ဖြစ်ပြီး၊ ၂၀၂၂-၂၀၂၃ ဝင်ခွင့်ရ (၂၁)ဦးရှိ၍ ဆရာ/မ (၄၈)ဦး၊ စီမံဝန်ထမ်း(၁၅)ဦး၊ စုစုပေါင်း(၆၃)ဦးတို့က ကျောင်းသား/သူများ၏ သင်ကြားသင်ယူမှုလုပ်ငန်းများ၊ အထောက်အကူပြုလုပ်ငန်းကို ဆောင်ရွက်ပေးမှာဖြစ်ကြောင်း သတင်းရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)