သီပေါ စက်တင်ဘာ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ် ရေး အတွက် အိမ်အပြင်ထွက် သွားလာသူတိုင်း နှာခေါင်းစည်းတပ်၍ သွားလာရေး Mask Campaignကို ယမန်နေ့ နံနက် ပိုင်းက မြို့တွင်းရှိ နေရာအနှံအပြားတွင် ပြုလုပ်ခဲ့သည်။
Mask Campaign ကို သီပေါမြို့နယ် နယ်စည်းမခြား ပရဟိတ အဖွဲ့ခေါင်းဆောင် ကိုမျိုး၏ စီစဉ်မှုဖြင့် အမှတ် (၁၂၄) ယာဉ်ထိန်းရဲတပ်ဖွဲ့စု သီပေါယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ တပ်ဖွဲ့ဝင်များ၊ နယ်စည်းမခြားပရဟိတ၊ မြတ်မွန် စေတနာ(နာရေး)ကူညီမှုအသင်း၊ သီပေါလူငယ်(လူမှုကယ်ဆယ်ရေး) အသင်း၊ ကောင်းမှုရှင်လူမှု ကူညီရေး အသင်း၊ အကျိုးဆောင်လူမှုကူညီရေးအသင်း၊ ဘော်ကြိုပရဟိတအဖွဲ့၊ ဖြူစင်မေတ္တာ ပရဟိတ အဖွဲ့နှင့် စေတနာ ရှင် ကျောင်းဆရာများ ပူးပေါင်း၍ သီပေါမြို့မစျေး၊ ဝက်ဝံယာယီပျံကျစျေး၊ လားရှိုး−မန္တလေး မိန်းလမ်း မီးပွွိုင့်လမ်းဆုံတို့တွင် သွားလာလှုပ်ရှားနေကြသော ပြည်သူများ၊ ခရီးသွားများ၊ စျေးသူ/စျေးသား များနှင့် လမ်းဘေးဝဲယာတစ်လျှောက်ရှိ စားသောက်ဆိုင်၊ ကုန်ပစ္စည်းအရောင်းဆိုင်များ စသည့် နေရာများတွင် နှာခေါင်းစည်း(Mask)အခု(၇၀၀၀)အား ဖြန့်ဝေပေးခဲ့ပြီး ကိုဗစ်−၁၉ရောဂါ ကြိုတင် ကာကွယ်ရေး အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း နေထိုင်ရေး အသိပညာပေး လက်ကမ်း စာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နယ်စည်းမခြား ပရဟိတ(သီပေါ)မှ အဖွဲ့ခေါင်းဆောင် ကိုမျိုးက သီပေါမြို့နယ်အတွင်းရှိ ပြည်သူများ အနေဖြင့် ကိုဗစ်−၁၉ရောဂါ ကူးစက်ပျံ့နှံမှု အန္တရာယ်ကို သတိပြုမိစေရန်နှင့် အဆိုပါရောဂါသည် အသက်ရှု လမ်းကြောင်း မှတဆင့် လျင်မြန်စွာ ကူးစက်နိုင်သည့်အတွက် လူတိုင်းနှာခေါင်းစည်းတပ်ကြရန် Campaign ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)