မြစ်ကြီးနား စက်တင်ဘာ ၄
ကိုဗစ် - ၁၉ စီးပွားကုစားမှုအစီအစဉ်အရ နိုင်ငံတော်မှ ထောက်ပံ့မှုအနေဖြင့် မြစ်ကြီးနားခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ဒေသခံတောင်များ ပူးပေါင်း၍ မိုးစပါးမျိုးစေ့ထုတ် လုပ်ငန်းဆောင်ရွက်မှု အခြေအနေကို စက်တင်ဘာ (၂)ရက် မွန်းလွဲ (၂)နာရီက ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက ကွင်းဆင်း စစ်ဆေးခဲ့သည်။
ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ နိုင်ငံတော်၏ထောက်ပံ့မှုဖြင့် စိုက်ပျိုးဆောင်ရွက် လျက်ရှိသည့် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက် တောင်သူ (၂)ဦး၏ မျိုးစေ့ထုတ်စံပြစိုက်ဧက (၁၀)ဧက အတွင်း ပြည်နယ်ဝန်ကြီးက မျိုးစေ့ထုတ်အပင်များ ရှင်သန်ဖွံ့ဖြိုးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ ဒေသခံတောင်သူများအား စိုက်ပျိုးစရိတ် အထောက်အပံ့ရရှိမှုအခြေအနေနှင့် မျိုးစေ့အထွက်နှုန်း ကောင်းမွန်ရေး၊ နည်းစနစ်ကျ စိုက်ပျိုးနိုင်ရေး အကြံပြုမှာကြားခဲ့သည်။
မြစ်ကြီးနားခရိုင်အတွင်း မျိုးစေ့ထုတ်လုပ်ငန်းကို ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် နိုင်ငံတော်မှ မျိုးစေ့အတွက် ငွေကျပ် (၈၅၀၀)၊ အပင်ပြုစုစောင့်ရှောက်ခငွေကျပ် (၇၅,၀၀၀)၊ မျိုးကွဲနှုတ်ပယ်ခြင်း ငွေကျပ် (၅၀,၀၀၀)နှင့် မျိုးစေ့သန့်စင်ခအတွက် ငွေကျပ် (၁၅,၀၀၀) ဖြင့် စုစုပေါင်း (၁) ဧကလျှင် ငွေကျပ် (၁၄၅,၈၀၀) ထောက်ပံ့ပေးကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်မျိုးဝင်းက ရှင်းလင်းပြောကြား သည်။
အဆိုပါ မျိုးစေ့ထုတ်လုပ်ငန်းကို ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် နိုင်ငံတော်မှ ထောက်ပံ့မှုဖြင့် မြစ်ကြီးနားမြို့နယ်မှာ (၄၆)ဧက၊ တနိုင်းမြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ ချီဖွေမြို့နယ် တို့တွင် (၁၀)ဧကစီနှင့် အင်ဂျန်းယန်မြို့နယ်တွင် (၃)ဧက စုစုပေါင်း (၇၉)ဧကရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
မျိုးမြင့်စိုး(ပြည်နယ်ပြန်/ဆက်)