ဝိုင်းမော်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်အိမ်ထောင်စုများအား ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေး ထောက်ပံ့ပစ္စည်းများနှင့်ထောက်ပံ့ငွေများ ပေးအပ်

ဝိုင်းမော်    စက်တင်ဘာ  ၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ တိုက်ပွဲရှောင်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို အမှတ်(၃)ရပ်ကွက်၊ စန်းကားကျေးရွာအုပ်စု၊ မုတ်လွဲကျေးရွာအုပ်စုများ၌    စက်တင်ဘာ (၂)ရက်နေ့ နံနက်(၉)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ကချင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးလင်းထင်ဦး၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်း၊ မြို့မိမြို့ဖ ဦးကြည်ထွန်းနှင့်အဖွဲ့တို့သည် အိမ်ထောင်စု တစ်စုလျှင်(၄၀,၀၀ဝိ/-) ကျပ်နှုန်းဖြင့် စန်းကားကျေးရွာအုပ်စုရှိ နီးကူဒေကျေးရွာ လီဆူခရစ်ယာန် ဘုရားကျောင်းဝင်း၊ တိုက်ပွဲရှောင်အိမ်ထောင်စု (၁၃၁)စု၊ မုတ်လွဲကျေးရွာအုပ်စုရှိ ခါးရှိတိုက်ပွဲရှောင် စခန်း အိမ်ထောင်စု (၅၈)စု၊ အမှတ်(၃) ရပ်ကွက်၊ လော်ဝေါ်နှစ်ခြင်းဇုန်နယ်(၂)ရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၈၁)စု၊ စုစုပေါင်း အိမ်ထောင်စု (၂၇၀)စုအတွက် ငွေကျပ်(၁၀,၈၀၀,၀၀ဝိ/-) ကျပ်အား    တိုက်ပွဲရှောင်စခန်း တာဝန်ခံများနှင့် တိုက်ပွဲရှောင် အိမ်ထောင်စုများထံသို့  အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းက တိုက်ပွဲရှောင်စခန်းများရှိပြည်သူများအား လက်ရှိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေနှင့်ပတ်သက်၍ မကြာခဏလက်ဆေးရန်နှင့် အပြင်သို့ထွက်ခွာပါက နှာခေါင်းစည်း များ တပ်ဆင်၍ ထွက်ခွာကြရန် ပြောကြားခဲ့ ကြောင်း သိရှိရသည်။

ခိုင်သက်မွန်(ပြန်/ဆက်)