ဝိုင်းမော် စက်တင်ဘာ ၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ကိုယ်အင်္ဂါမသန်စွမ်း ပြည်သူများအား ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁)နာရီက ဝိုင်းမော်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဆမားခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ ကိုဗစ်-၁၉ အလွန် ထိလွယ်/ခိုက်လွယ် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကိုယ်အင်္ဂါမသန်စွမ်း ပြည်သူများအား စားနပ်ရိက္ခာ သက်သာဖူလုံစေရေးအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးသက်လှိုင်ထွန်းနှင့် ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းတို့က ဝိုင်းမော်မြို့နယ်အတွင်းရှိ ကိုယ်အင်္ဂါမသန်စွမ်းပြည်သူ တစ်ဦးလျှင် ငွေ (၃၀,၀၀၀)ကျပ်နူန်းဖြင့် စုစုပေါင်း ကိုယ်အင်္ဂါ မသန်စွမ်းသူ (၁၂၄၉)ဦးအတွက် စုစုပေါင်းငွေကျပ် (၃၇,၄၇၀,၀၀၀)ကျပ်အား ပေးအပ်လှူဒါန်းရာ ဝိုင်းမော်မြို့နယ် ကိုယ်အင်္ဂါမသန်စွမ်းဥက္ကဋ္ဌ ဦးဂျီဇုန်းဆောင်မှ လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။
ခိုင်သက်မွန်(ပြန်/ဆက်)