နမ့်ခမ်း မေ ၁၂
၂၀၂၂-ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးသည့်ကာလ မကြာမီရောက်ရှိလာတော့မည်ဖြစ်သဖြင့် သစ်ပင်စိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ဂေဟစနစ်ထိန်းသိမ်းပြီး ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက်လည်း အထောက်အကူဖြစ်၍ တောင်သူဦးကြီးများ၏ ခြံမြေပေါ်၌ တန်ဖိုးရှိကျွန်းပင်များကို ကိုယ်တိုင်စိုက်ပျိုးပြီး ကိုယ်တိုင်ခုတ်ယူ အသုံးပြုနိုင်ရန်အတွက် ရည်ရွယ်ကာ မြန်မာနိုင်ငံသယံဇာသနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြဌာန်းထားသည့် ကျွန်းပင်နှင့်သက်ဆိုင်သော သစ်တောဥပဒေဖြင့် တရားဝင်စိုက်ပျိုးထုတ်လုပ်နိုင်ရန် ဆောင်ရွက်ရမည့် သိကောင်းစရာများ ကောက်နှုတ်တင်ပြအပ်ပါသည်။
မြန်မာနိုင်ငံတွင် ကျွန်းပင်သည် ရာသီဥတုနှင့် ဒေသအလိုက်အလေ့ကျပေါက်ကာ ရှင်သန်ဖြစ်ထွန်းသည့် ဒေသနှင့်အလေ့ကျပေါက်ခြင်းမရှိဘဲ ပျိုးပင်များစိုက်ပျိုးပြီး ရှင်သန်ဖြစ်ထွန်းသည့် ဒေသများစွာရှိသည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း) အအေးပိုင်းဒေသဖြစ်သည့် မူဆယ်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ် ရွှေလီမြစ်ဝှမ်း မြေနိမ့်ဒေသတစ်ချို့တွင်လည်း ကျွန်းပင်များစိုက်ပျိုးခဲ့ရာ ရှင်သန်ကြီးထွားဖြစ်ထွန်းလျက်ရှိသည်။ နမ့်ခမ်းမြို့နယ်ရှိ သစ်တောဦးစီးဌာနမှ ပျိုးဥယျာဉ်တွင် ပြည်သူများအားဖြန့်ဝေရန် ကျွန်းပင်အပါအဝင် ပျိုးပင်မျိုးစုံ ပျိုးထောင်ထားရှိပြီး မိုးရာသီသစ်ပင်စိုက်ပျိုး ကာလအတွင်း သစ်ပင်စိုက်ပျိုးသည့် ပြည်သူများမှ ကျွန်းပင်များစိုက်ပျိုးရန် လာရောက်ယူဆောင် စိုက်ပျိုးခြင်းမှာ လွန်စွာနည်းလှသည်ဟု သစ်တောပျိုးဥယျာဥ်မှ တာဝန်ရှိသူထံသိရှိသည်။ ပြည်သူများတစ်ချို့ထံမှလည်း ကျွန်းပင်သည် နိုင်ငံတော်ပိုင်ဖြစ်၍ မိမိ၏ခြံနှင့်မြေပေါ်တွင်စိုက်ပျိုးပြီး မိမိမှမပိုင်ရဟုဆိုပြီး ကျွန်းပင်များစိုက်ပျိုးရန် စိတ်ဆန္ဒမရှိတော့ဘဲ ဝမ်းနည်းဖွယ်အသိလွဲမှားနေသည်ကိုလည်း ကြားသိရသည်။ တန်ဖိုးရှိကျွန်းပင်များကို မိမိကိုယ်တိုင် စိုက်ပျိုးပြီးမိမိကိုယ်တိုင် အကျိုးအသီးအပွင့်များ ခံစားရရှိစေရန် မြန်မာနိုင်ငံ သယံဇာသနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြဌာန်းထားသည့် ကျွန်းပင်နှင့် သက်ဆိုင်သော ၂၀၁၈-ခုနှစ်၊ သစ်တောဥပဒေ အခန်း(၃)၊ အပိုဒ် ၈။ အပိုဒ်ခွဲ (က)အရ"နိုင်ငံတော်တွင် မည်သည့်နေရာဒေသတွင်မဆို ပေါက်ရောက်နေသော ကျွန်းပင်သည်နိုင်ငံတော်ပိုင်ဖြစ်သည်။"ဟု ပြဌာန်းထားသည်။ ပုဂ္ဂလိကအတွက် ပိုင်ဆိုင်ခွင့်ရရှိရန် သစ်တောဥပဒေ အခန်း(၃)၊ အပိုဒ် ၈။ အပိုဒ်ခွဲ (ခ)အရ" ဝန်ကြီးဌာနသည် အောက်ပါနေရာဒေသ တွင် စိုက်ပျိုးထားသော ကျွန်းပင်နှင့်စပ်လျဥ်းသည့် သီးခြား အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်၍ ပိုင်ဆိုင်ခွင့်ပြုသည်။ "ဟု ထပ်မံပြဌာန်းထားသည်။ ဥပဒေမှ အပိုဒ်ခွဲ(ခ) (၄)အရ" နေအိမ်ခြံဝန်းအတွင်း စိုက်ပျိုးပြီး သက်ဆိုင်ရာနယ်မြေရှိ သစ်တောဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ကျွန်းပင်များ။" ပါရှိပြီး ပြည်သူများ၏ ပိုင်ဆိုင်သော ခြံမြေပေါ်တွင် မိမိစိုက်ပျိုးထားသည့် ကျွန်းပင်များကို သစ်တောဦးစီးဌာနတွင် မှတ်ပုံတင်လျှောက်ထားပြီးသော ကျွန်းပင်များကို မိမိပိုင်ဆိုင်ခွင့်ပြုသည်ဟု ဖော်ပြပါရှိသည်။ ကျွန်းပင်များ စိုက်ပျိုးဖြစ်ထွန်းသောဒေသ၌ စိုက်ခင်းဖြင့်လည်းကောင်း၊ စိုက်ပျိုးမြေ ပတ်လည်တွင်လည်းကောင်း၊ မိမိနှင့်သင့်တော်သည့် နေရာတွင်လည်းကောင်း ကျွန်းပင်များကို စိုက်ပျိုးပြီး နောက်သစ်တောဦးစီးဌာနသို့ စိုက်ပျိုးထားသည့် ကျွန်းပင်များအား မှတ်ပုံတင်လျှောက်ထားပြီးမှသာ မိမိမှပိုင်ဆိုင်ခွင့်ပြုမည်ဖြစ်သည်။ ကျွန်းပင်များကို ခုတ်ယူအသုံးပြုရန်အတွက် သစ်တောဦးစီးဌာနမှ ခွင့်ပြုချက်ရယူပြီး ကျွန်းသစ်များထုတ်ယူခြင်းအတွက် ကျွန်းပင်၏ ပင်စည်လုံးပတ်(၃)ပေအောက်ရှိ ကျွန်းပင်များကို ကျွန်းတိုင်အဆင့်ဟု သစ်တောဦးစီးဌာနက သတ်မှတ်၍ကျွန်းတိုင် (၁) တိုင်လျှင် ကျပ်ငွေ (၂၅၀၀/-)ကျပ်သာ နိုင်ငံတော်အခွန်ပေးဆောင်ရမည်ဖြစ်ပြီး ကျွန်းပင်များကိုတရားဝင်ခုတ်ယူ အသုံးပြုနိုင်သည်ဟု မြို့နယ်သစ်တောဦးစီးဌာနထံမှ သိရှိရသည်။
တန်ဖိုးရှိကျွန်းပင်များကို စိုက်ပျိုးခြင်းဖြင့် တောင်သူများတို့အတွက် အကျိုးရှိစေမည်သာမက နိုင်ငံတော်အတွက်လည်း အကျိုးရှိစေသည့်အပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းတွင်လည်း များစွာအကျိုးပြုပေးသည်ဖြစ်ကြောင်း သိရသည်။
ဆိုင်ထွန်း(နမ့်ခမ်း)