ဗဟန်းမြို့နယ်၌ နွေရာသီပညာဒါန အခြေခံပန်ချီရေးဆွဲနည်း သင်တန်းဆင်းပွဲကျင်းပ

ရန်ကုန် မေ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း စီစဉ်ကျင်းပသည့် ပညာဒါနအခြေခံပန်ချီရေးဆွဲနည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နေ့လည် ၁ နာရီက လူထုအခြေပြု ဗဟိုဌာန(ဗဟန်း) Community Centre ၌ကျင်းပသည်။

အဆိုပါသင်တန်းဆင်းပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် ဦးစီးအရာရှိဒေါ်စန္ဒာဌေးက သင်တန်းဆင်း အမှာစကားပြောကြားရာတွင် ကျောင်းသားကျောင်းသူ၊ လူငယ်၊ လူရွယ်များ နွေရာသီကျောင်းပိတ်ရက်ကို၊ အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အခြေခံပန်းချီပညာရေးဆွဲနည်းကို ကျွမ်းကျင်စွာ တတ်မြောက်သိရှိနိုင်စေရန်နှင့် ပန်ချီဝါသနာကို မြှင့်တင်ပေးနိုင်ရန်အတွက် ရည်ရွယ်၍ ဖွင့်လှစ်‌ပေးခဲ့ခြင်းဖြစ်ကြောင်းပြောကြားပြီး သင်တန်းသားများအား သင်တန်းဆင်း အမှတ်တရ မေတ္တာလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ Peace Mine Art Studio သင်တန်း‌ကျောင်းမှ ပန်းချီပညာရှင် ဆရာဦးပြည့်စုံက ပန်းချီပညာအကြောင်းနှင့် သင်တန်းဆင်းပြီးပါက ပန်းချီပညာကို ဆက်လက်လေ့လာဆည်းပူးသွားကြရန် ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့များတွင် နံနက်(၁၁)နာရီခွဲမှ နေ့လည်(၁)နာရီအထိ နှစ်ပတ် သင်ကြားပေးခဲ့ပြီး သင်တန်းသို့ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၀)ဦး တက်ရောက်‌သင်ကြား ခဲ့‌ကြောင်း သိရသည်။

အောင်မြင့်