(၆၅)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ရောင်စုံဓါတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်

ဘားအံ စက်တင်ဘာ ၃

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့်  (၆၅)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ရောင်စုံ ဓါတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့ မွန်းလွှဲ ၂ နာရီခွဲက ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။

အဆိုပါဆုချီးမြှင့်ပွဲသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးဘိုဘိုဝေမောင် တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဒေါ်ခင်စောလင်းက ဓါတ်ပုံပြိုင်ပွဲကျင်းပရခြင်း၏ အကြောင်းကို ရှင်းလင်းပြောကြားကာ ကရင်ပြည်နယ်ဓါတ်ပုံအသင်းဥက္ကဋ္ဌ ဦးတင်ထွဋ်က ပြိုင်ပွဲတွင်ဆုရွေးချယ်မှု နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက် လူမှုရေးဝန်ကြီးဦးဘိုဘိုဝေမောင်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများနှင့် နှစ်သိမ့်ဆု ရရှိသူများကို ဆုများချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိခဲ့သော ဓါတ်ပုံများကို (၆၅)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ထုတ်ဝေမည့် ကရင်ပြည်နယ်နေ့ မဂ္ဂဇင်းနှင့်ပြက္ကဒိန်တို့တွင် ထည့်သွင်းအသုံးပြုမည် ဖြစ်ကာ ပထမဆု ၅ သိန်း၊ ဒုတိယဆု ၃ သိန်း၊ တတိယဆု ၂ သိန်းနဲ့ နှစ်သိမ့်ဆု တစ်သိန်း ချီးမြှင့်ပေးသွားမှာဖြစ်ပြီး ဆုပေါင်း ၁၇ ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။ 

စောမျိုးမင်းသိန်း