ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန်   မေ  ၁၁

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး (/၂၀၂၂)ကို ယနေ့နံနက် (၁၁:၀၀) နာရီတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်၊ ၅၁ လမ်းမဟာနဝရတ်ကွန်တိုရှိ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေး ကော်မတီရုံးခန်း၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်နှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင် က စာကြည့်တိုက်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးများကို စဉ်ဆက်မပြတ် ဆောင်ရွက်ဖို့လိုအပ်ပါကြောင်း၊ ခရိုင်တာဝန်ခံများအနေဖြင့် မိမိတာဝန်ကျရာခရိုင်များရှိ စာကြည့်တိုက်များနှင့် အမြဲထိတွေ့ဆောင်ရွက်ဖို့ လိုအပ်ပါကြောင်း၊ ရှင်သန်လည်ပတ်နေသည့် စာကြည့်တိုက်များကို ထောက်ပံ့ပေးရန် လိုအပ်ပါကြောင်း၊ အသစ်ဖွဲ့စည်းမည့် ခရိုင်(၁၄)ခရိုင်တွင် စံပြစာကြည့်တိုက်များ ဖြစ်ပေါ်လာအောင် စည်းရုံးဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ အခြေခံစာကြည့်တိုက်ပညာ သင်တန်းဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ စာကြည့်တိုက်များကို အနှစ်သာရနှင့် အသွင်သဏ္ဍန်များပြည့်စုံကောင်းမွန်အောင် ကြိုးစားဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ စာကြည့်တိုက်များသည် လူမှုအသိုက်အဝန်း၏ လိုအပ်ချက်များနှင့်ကိုက်ညီသော ဝန်ဆောင်မှုများပေးရန်၊ ပြည်သူများ လွတ်လပ်လွယ်ကူစွာ လေ့လာဖတ်ရှုနိုင်ရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်အတွက် စာကြည့်တိုက်များကို ပြည်သူလူထု လက်လှမ်းမီစွာအသုံးပြုနိုင်ရန်နှင့် တန်ဖိုးထားချစ်မြတ်နိုးတတ်စေရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးဆန်းဝင်း က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက်များ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စာကြည့်တိုက်များအတွက် တိုင်းဒေသကြီးအစိုးရ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာနှစ်အတွက် ခွင့်ပြုဘဏ္ဍာငွေအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဝင်များ က စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးခဲ့ကြသည်။

ထိုနောက် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်မှ ဆွေနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)