ဒဂုံဆိပ်ကမ်း မေ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာစံညီ စာကြည့်တိုက် (၃)တိုက်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်စာကြည့်တိုက် ဖောင်ဒေးရှင်းမှလှူဒါန်းသော စာအုပ်စာစောင်များ ထပ်ဆင့်လှူဒါန်းပွဲကို ယနေ့နေ့လည် (၁:၀၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဖောင်ဒေးရှင်းမှ လှူဒါန်းသော စာအုပ်စာစောင်များ ထပ်ဆင့်လှူဒါန်းပွဲ အခမ်းအနားတွင် မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦး၀င်းကြည် က ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း စံညီစာကြည့်တိုက် (၃)တိုက်ရှိပြီး အဆိုပါစာကြည့်တိုက်များကို ရှင်သန်ဖွံ့ဖြိုးတိုးတက်စေလိုကြောင်း၊ ဆက်လက်ပြီးလည်း စာအုပ်၊စာစောင်များ တိုးပွားရရှိရေး ဆောင်ရွက်ကြစေလိုကြောင်း၊ စာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်မှူးနှင့် ကော်မတီ၀င်များ ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့အေး က စာအုပ်စာစောင်များ လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များကို ရှင်သန်စေလိုကြောင်း၊ ယနေ့လှူဒါန်းခြင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးနှင့်စာကြည့်တိုက်ဖောင်ဒေးရှင်းမှ လှူဒါန်းရရှိသော စာအုပ်များကို မြို့နယ်များရှိ ရှင်သန်နေသော စာကြည့်တိုက်များသို့ လှူဒါန်းခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ စာကြည့်တိုက်အားလုံး ရှင်သန်ရေးအတွက် မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှုကော်မတီနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တက်ရောက်လာသူများမှလည်း စာကြည့်တိုက်များ ပုံမှန်ဖွင့်လှစ်၍ ရှင်သန်ခိုင်မာရေးအတွက် ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့ပြီး အလင်းတန်းသုတရိပ်မြုံစာကြည့်တိုက်၊ သုတအလင်းစာကြည့်တိုက်၊ ငြိမ်းချမ်းစိန်းလမ်း စာကြည့်တိုက် တာ၀န်ခံများထံသို့ လက်၀ယ်အရောက် စာကြည့်တိုက်တစ်တိုက်လျှင် (၂၇၃) အုပ် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
လဲ့လဲ့