ဗန်းမော်မြို့တွင် အခြေခံနှင့်အဆင့်မြင့် လက်ဝှေ့သင်တန်းဖွင့်လှစ်နေမှုကို တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ထောက်ပံ့ပေးအပ်

ဗန်းမော် မေ ၁၁

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဗန်းမော်ခရိုင်ရုံးက ခရိုင်အားကစားခန်းမတွင် အခြေခံနှင့်အဆင့်မြင့် လက်ဝှေ့သင်တန်း ဖွင့်လှစ်နေမှုကို ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ထောက်ပံ့မှုများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဗန်းမော်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကြည်စိုးက ကြီးကြပ်၍ ဧပြီလ ၂၇ ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ဗန်းမော်မြို့ရှိ ‌ကျောင်းသားလူငယ်များအား အခြေခံနှင့် အဆင့်မြင့် လက်ဝှေ့သင်တန်းကို သင်တန်းသား သင်တန်းသူ စုစုပေါင်း (၁၂၅)ဦး တက်ရောက်သင်ကြားနေမှုအား ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ထွန်းတိုးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး အားကစားအင်္ကျီ၊ ထောက်ပံ့ငွေ၊ အာဟာရဖြည့် အချိုရည်နှင့် မုန့်များကို သင်တန်းနည်းပြနှင့် သင်တန်းသား သင်တန်းသူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အဆိုပါသင်တန်းကို နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသားလူငယ်များအား အချိန်ကို အားကစားလှုပ်ရှားလေ့ကျင့်ခြင်းဖြင့် တန်ဖိုးရှိစွာ အသုံးချတတ်စေရန်နှင့် ထူးချွန်သည့် မျိုးဆက်သစ် အားကစားသမားများ ထွက်ပေါ်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဗန်းမော်ခရိုင်ရုံးမှ သိရသည်။

ကိန်းဖြူ(ပြန်/ဆက်)