ဟားခါး မေ ၁၁
ချင်းပြည်နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရာက်အမှာစကား ပြောကြားသည်။
ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေးမှာ ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးဆိုရာ၌ ပြည်သူများအတွက် ဒေသဝမ်းစာဖူလုံရေးကို ဆိုလိုပါကြောင်း၊ ချင်းပြည်နယ်၏ ဆန်ဖူလုံမှုမှာ ၄၇ ရာခိုင်နှုန်းဖြစ်ပြီး လိုအပ်သော ဝမ်းစာအတွက် ပြည်ပမှ တင်သွင်းနေရကြောင်း၊ ချင်းပြည်နယ်၏ နှစ်စဉ်ဝမ်းစာ လိုအပ်မှုလျှော့ချနိုင်သည့်အပြင် လိုအပ်သည့်ဒေသများသို့ ဖြန့်ဖြူးပို့ဆောင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် အဓိကအားဖြင့် ဒေသနှင့်ကိုက်ညီသည့် စပါးမျိုးများ ပြောင်းလဲအသုံးပြု စိုက်ပျိုးရန်လိုကြောင်း၊ ဒေသနှင့်ကိုက်ညီသည့် စပါးမျိုးများ စိုက်ပျိုးပါမှ အထွက်နှုန်းကောင်းမွန်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့် ဂျုံစိုက်ပျိုးမှုကို အားပေးသည့်အတွက် ဂျုံစိုက်ပျိုးမှုကိုလည်း တိုးမြှင့်ဆောင်ရွက်ရန်လိုကြောင်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၏ ချင်းပြည်နယ်ခရီးစဉ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး ဖွံ့ဖြိုးတိုးတက်စေရန် ကျပ်သိန်း ၂၀၀၀ ပေးအပ်ခဲ့ပါကြောင်း၊ အမှန်တကယ် ပြည်သူအကျိုးရှိစေမည့် လုပ်ငန်းများတွင် အကောင်အထည်ဖော် ဆောင်ရွက်စေလိုကြောင်းနှင့် အစည်းအဝေး တက်ရောက်လာကြသည့် တာဝန်ရှိသူများအနေဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် အမှန်တကယ် လိုအပ်သည်များကို ပွင့်ပွင့်လင်းလင်း အကြုံပြုဆွေးနွေးစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ချင်းပြည်နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဒုဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက ယခုစီမံချက်သည် စီမံကိန်းအတွင်း ဘောင်ဝင်အောင် ဆောင်ရွက်ရသည့် စီမံချက်ဖြစ်၍ ဌာနများအလိုက် ဆက်စပ်ပြီး အမှန်တကယ် ဆောင်ရွက်နိုင်မည့် နေရာဒေသများ၌သာ အကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ကာလရှည်စီမံချက်များအတွက် မိမိတို့ပြောင်းရွှေ့သွားမည်ဆိုပါက အသစ်တာဝန် ထမ်းဆောင်လာမည့်သူများ အဆင်ပြေနိုင်စေရေးအတွက် ထည့်သွင်းစဉ်းစားဖို့လိုသလို စီမံချက်များကို ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များကိုလည်း အသိပေး အကြောင်းကြားဖို့လိုကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မျိုးကောင်း၊ မျိုးသန့် သွင်းအားစုကောင်းများ ပံ့ပိုးပေးနိုင်ဖို့လိုကြောင်းနှင့် အစည်းအဝေး တက်ရောက်လာကြသည့် ကျန်တဲ့ဌာနဆိုင်ရာ အများအနေဖြင့်လည်း ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးတင်ပြကြရန် အကြုံပြုဆွေးနွေးသည်။
ထို့နောက် အစည်းအဝေး တက်ရောက်လာကြသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဝင်များ ဖြစ်ကြသည့် ပြည်နယ် စီမံကိန်းဦးစီးမှူး ဦးဝင်းမြင့်၊ ပြည်နယ်စိုက်ပျိုးဦးစီးဌာနမှူး ဦးအောင်မျိုးဦးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှု၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို Power Point ဖြင့် ရှင်းလင်းတင်ပြရာ တင်ပြချက်များအပေါ် ပြည်နယ်စီးပွားရေးဝန်ကြီး ဦးဟန်ကျင့်ဇမ်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုးနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က အကြုံပြုဖြည့်စွတ်၍ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)