ပုသိမ်ကြီး မေ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို စာဖြေဌာနဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်း အထက(ပုသိမ်ကြီး)၌ ယနေ့မွန်းတည့် ၁၂ နာရီက စာဖြေသံဃာ၊ သီလရှင်များ အေးချမ်းစွာဖြင့် လာရောက်ဖြေဆိုလျက်ရှိသည်။
အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲဖြေဆိုရာတွင် အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်းနှင့် ပထမကြီးတန်းတို့ ဝင်ရောက်ဖြေဆိုကြရာ မြို့နယ်သံဃာနာယကအဖွဲ့မှ ဆရာတော်ကြီးများ၊ ဩဝါဒစရိယဆရာတော်များ၊ ကြီးကြပ်ရေးအဖွဲ့များတို့က စာဖြေသံဃာတော်များ အေးချမ်းစွာဖြေဆိုနိုင်ရေး ကြီးကြပ်ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးမှူးနှင့် တာဝန်ရှိသူတို့က စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲကို မေလ(၇)ရက်နေ့မှ (၁၃) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ အစိုးရပါဠိပထမပြန်စာမေးပွဲ၌ ပထမကြီးတန်းတွင် ရဟန်းနှင့်သီလရှင်(၄၂)ပါး၊ ပထမလတ်တန်းတွင် ရဟန်းနှင့်သီလရှင်(၅၂)ပါး၊ ပထမငယ်တန်းတွင် ရဟန်းနှင့်သီလရှင်(၆၉)ပါးနှင့်အခြေပြုမူလတန်းတွင် ရဟန်းနှင့်သီလရှင်(၁၂၅)ပါး၊ စုစုပေါင်း(၂၈၈)ပါး တို့ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)