ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသော စာအုပ်စာစောင်များအား ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်းရှိ စာကြည့်တိုက်များသို့ ပြန်လည်ပေးအပ်လှူဒါန်းပွဲ ကျင်းပ

ဒဂုံမြောက် မေ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community centre တွင် ယနေ့နံနက်(၁၀:၀၀)အချိန်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသော စာအုပ်စာစောင်များအား မြို့နယ်အတွင်းရှိ မှတ်ပုံတင်ရရှိပြီး ရှင်သန်လျက် ရှိသော စာကြည့်တိုက်များသို့ ပြန်လည် ပေးအပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ စာရေးဆရာမ ဒေါ်ခင်နှင်းရီက လှူဒါန်းရရှိသော စာအုပ်များနှင့်ပတ်သက်ပြီး ပြောကြားရာတွင် ယခုရရှိထားသော စာအုပ်များသည့် တန်ဖိုးရှိလှသော စာအုပ် စာပေများဖြစ်သည့်အတွက် ရပ်ကွက်စာကြည့်တိုက်များအနေဖြင့် အလှူခံရရှိသော စာအုပ် များမှာ လူစိတ်ဝင်စားမှု နည်းပါးခြင်းနှင့် အသစ်ထွက်ရှိသော စာအုပ်များ မဖြည့်တင်းနိုင်သောကြောင့် စာကြည့်တိုက်ရေရှည် ရပ်တည်နိုင်ရေးမှာ အခက်အခဲများစွာ ဖြစ်ရကြောင်း၊ ယခုရရှိသော စာအုပ်များကို စာဖတ်သူစိတ်ဝင်စားလာအောင် ဆွဲဆောင်စေခြင်းဖြင့် စာကြည့်တိုက်များ ပြန်လည် အသက်ဝင်လာစေရန် ပြုလုပ်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက လှူဒါန်းရရှိသော စာအုပ်များနှင့် ပတ်သက်ပြီးစနစ်တကျထိန်းသိမ်းကြစေရန်နှင့် ရရှိထားသော စာအုပ်များအား စနစ်တကျ စာရင်းသွင်းမှတ်တမ်းထားရှိ၍ စာဖတ်စာငှားများအား စနစ်တကျ ငှားရမ်း‌ပေးသွားရန်နှင့် စာကြည့်တိုက်များအတွက် စာအုပ်စာစောင်များနှင့် အထောက်အကူပြု ပစ္စည်းများကိုလည်း ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး စာအုပ်များ အလှူခံရရှိသော အမှတ်(၄၅)ရပ်ကွက် စာကြည့်တိုက်မှူး ဦးကျော်အေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး လှူဒါန်းပွဲ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရှိရသည်။

မြင့်မြင့်ရီ