မိုးကောင်းမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်လှစ်

မိုးကောင်း မေ ၁၀

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်းကို မေ(၁၀)ရက်နံနက်(၁၀) နာရီတွင် အဆိုပါဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားဖွင့်လှစ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမျိုးဝင်းက သင်တန်းသူများ အနေဖြင့် သင်တန်းမှပို့ချသင်ကြားသော အပ်ချုပ်စက်သင်ခန်းစာများကို စိတ်ဝင်တစားသင်ယူ၍ လက်တွေ့ နယ်ပယ်တွင် အကျိုးရှိရှိအသုံးချပြီး မိသားစုဝင်ငွေတိုးပွါးရေးလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ကြစေလိုကြောင်း အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူဝင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် သင်တန်းနည်းပြမှသင်ကြားပေးသော သင်ခန်းစာများကို ကြိုးစားသင်ယူကြရန် သင်တန်းသူများအား တက်ရောက်လာသောမြို့နယ်အဆင့် ဌာနဆိုင်ရာအသီးသီးမှ အားပေးစကား ပြောကြားခဲ့ကြကာ သင်တန်းဖွင့်အမှတ်တရ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို မိုးကောင်းမြို့နယ်ရှိ ကျေးရွာများမှ သင်တန်းသူ(၂၅)ဦးတက်ရောက်ပြီး သင်တန်းအား စာတွေ့လက်တွေ့ဖြင့် (၁)လအကြာ ခေတ်ပေါ်ရင်ဖုံး၊ ရင်စေ့၊ ဂါဝန်၊ ၃လွှာ စကပ်၊ ၄ လွှာစကပ်စသည့် ခေတ်ပေါ်ဒီဇိုင်းအမျိုးမျိုးတို့ကို အခမဲသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)