တာမွေမြို့နယ်တွင် Grade -5 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကျင်းပ

တာမွေ မေ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တာမွေမြို့နယ်အတွင်းရှိ ဆရာ၊ ဆရာမများအား GRADE-5 သင်ရိုးသစ်သင်တန်းပါ သွင်ပြင်လက္ခဏာများနှင့် အတွေးအခေါ်များကို နားလည်သဘောပေါက်စေရန်၊ GRADE-5 ကျောင်းသားကိုင်စာအုပ်နှင့် ဆရာလမ်းညွှန်စာအုပ်များကို အသုံးချပုံများသိရှိစေရန်နှင့် GRADE-5 သင်ရိုးသစ် မွမ်းမံသင်တန်း၏ ‌ယေဘုယျဦးတည်ချက်များနှင့် အဓိကဦးတည်ချက်ကို နားလည်သဘောပေါက်စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပညာရေးဌာန၏ စီစဉ်မှုဖြင့် Grade-5 သင်ရိုးသစ် မြို့နယ်အဆင့်ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို တာမွေမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး တာမွေမြို့နယ်ပညာရေးမှူး ဒေါ်ခင်စမ်းရီက “ ယနေ့သင်တန်းဟာဆိုရင် မြို့နယ်အတွင်းရှိ မူလတန်းသင် ဆရာ၊ ဆရာမများ၏ သင်ကြားရေးစွမ်းရည်များ မြင့်မားတိုးတက်စေရေးအတွက် အခြေခံပညာဦးစီးဌာနမှ ဖွင့်လှစ်ခဲ့သော ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် GRADE-5 ဗဟိုအဆင့် နည်းပြသင်တန်းတွင် တာမွေမြို့နယ်မှ တက်ရောက်ခဲ့သည့် နည်းပြဆရာများမှ GRADE-5 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ပြန်လည်ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းသို့တက်ရောက်လာသူ ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ သူများအား တစ်ဆင့်ပြန်လည်သင်ကြားရာတွင် ရိုးရှင်းပြီးလွယ်ကူသော နည်းလမ်းများဖြင့် လေ့ကျင့်သင်ကြားပေးစေလိုပါကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ Grade-5 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းတွင် တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းနှင့် နားမကြားသော ကလေးများကျောင်း (ရန်ကုန်)မှ သင်တန်းသား ဆရာ၊ ဆရာမများ စုစုပေါင်း (၈၃)ဦးကို ၂၀၂၂-ခုနှစ် မေ(၁၀)ရက်နေ့မှ မေ(၁၃)ရက်နေ့အထိ GRADE-5 သင်ရိုးသစ်လက်စွဲစာအုပ်မှ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ကာယပညာနှင့်လူမှုရေးပညာရပ်တို့ကို သက်ဆိုင်ရာဘာသာရပ်များအလိုက် ပြန်လည်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ ဆရာ၊ ဆရာမများ၏ သင်ကြား၊ သင်ယူမှုအရည်အသွေးမြင့်မားပြီး  အရည်အချင်းရှိသည့် ပညာရေးတစ်ရပ်ဖြစ်ထွန်းလာစေရေးအတွက် ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(တာမွေ)