တပ်ကုန်း မေ ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာလ ကြောင့် ပိတ်ထားသည့် ရပ်ကွက်၊ ကျေးရွာ ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ ပုံမှန်အတိုင်း ဖွင့်လှစ်နိုင်ရန် ဆွေးနွေးဆောင်ရွက်ခြင်းကို မေလ ၉ရက်ညနေ့ ၄နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်ကြကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင့်တင့်ခိုင်က အနော်ရထာရပ်ကွက်အတွင်းရှိ “အားမာန်သစ်” ကိုယ့် အားကိုယ်ကိုးစာကြည့်တိုက်နှင့်“အလင်းအိမ်”ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်မှ စာကြည့်တိုက်မှူးနှင့် ကော်မတီဝင်များကိုတွေ့ဆုံ၍ စာကြည့်တိုက်များ ပြန်လည်ဖွင့်လှစ်နိုင်စေရန်၊ စာငှား၊ စာဖတ်ပရိတ်များ ပြန်လည်ဖိတ်ခေါ်စေရန်၊ စာကြည့်တိုက်အဆောက်အဦ သန့်ရှင်းသာယာလှပစေရန်၊ စာအုပ်စာစောင်များ ပျောက်ဆုံးပျက်စီးမှုမရှိစေရန်နှင့်စာအုပ်စာစောင်အသစ်တိုးပွားလာရေး နည်းလမ်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် စာကြည့်တိုက်မှူးများနှင့်စာကြည့်တိုက်ကော်မတီများ၏ ဆွေးနွေးတင်ပြချက်များကို မြို့နယ်ဦးစီးမှူးက ပြန်လည်ပေါင်းစပ်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်