မြင်းခြံ မေ ၁၀
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပပြီးစီးခဲ့သည့်အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်းနှင့် ဂုဏ်ပြုနေ့လည်စာ ဧည့်ခံကျွေးမွေးခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်မှ ဂုဏ်ပြုအဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးရဲမြင့်မှ ဂုဏ်ပြုကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက် မဟာသင်္ကြန်ပွဲတော် အခမ်းအနား အောင်မြင်စွာပြီးမြောက်နိုင်ရေး ဝိုင်းဝန်းကူညီသူများဖြစ်ကြသော သာယာဝတီယိမ်းအဖွဲ့၊ မြင်းခြံမြို့ လုပ်ငန်းရှင်များ၊ မော်တော်ယဉ် လိုင်းပေါင်းစုံအသင်း၊ စက်မှုဇုန်ကြီးကြပ်ရေးကော်မတီ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ပြည်သူ့စစ် အဖွဲ့ခေါင်းဆောင်တို့အား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဗျူဟာမှူးဗိုလ်မှူးကြီး ကျော်လင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ မဟာသင်္ကြန်ပွဲတော်အခမ်းအနား အောင်မြင်စွာပြီးမြောက်နိုင်ရေး ဝိုင်းဝန်းကူညီသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများအား ဂုဏ်ပြုနေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)