အင်းစိန်မြို့နယ်၌ အခြေခံပညာမူလတန်းကျောင်း Grade-5 (သင်ရိုးသစ်) Face to Face မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်ပွဲကျင်းပ

ရန်ကုန် မေ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ အား Grade-5 (သင်ရိုးသစ်) သင်ခန်းစာများကို ကောင်းမွန်စွာ ပြန်လည်ပို့ချသင်ကြားနိုင်စေရန် ရည်ရွယ်၍ အခြေခံပညာမူလတန်းကျောင်း Grade-5 (သင်ရိုးသစ်) Face to Face မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က အင်းစိန် မြို့နယ်၊ အ.ထ.က (၆) ကျောင်းခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

ကျင်းပရာတွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ အခြေခံပညာဦးစီးဌာန၊ ခရိုင်ပညာရေးမှူး ဒေါက်တာ သင်းမာလာနှင့် အင်းစိန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်တို့က အမှာစကားအသီးသီး ပြောကြားခဲ့ပြီး အင်းစိန်မြို့နယ်၊အခြေခံပညာဦးစီးဌာန၊ မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းဝင်းနွယ်က သင်တန်းနှင့်ပတ်သက်သည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

သင်တန်းတွင် အခြေခံပညာဦးစီးဌာန(ရုံးချုပ်)မှ ပို့ချသောသင်တန်းကို တက်ရောက်ခဲ့ကြသော မြို့နယ်အဆင့်နည်းပြ (၂၆) ဦးတို့က ဦးဆောင်ပြီး သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမ စုစုပေါင်း (၃၂၆) ဦးတို့ကို ပို့ချသွားမည်ဖြစ်ရာ သင်တန်းကာလမှာ မေလ (၁၀) ရက် နေ့မှ မေလ (၁၃) ရက်နေ့အထိ  လေးရက်ကြာဖြစ်ပြီး သင်တန်းတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ သိပ္ပံဘာသာရပ်များနှင့် စာရိတ္တနှင့် ပြည်သူ့နီတိ၊ ကာယဘာသာရပ်များကို သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)