မလှိုင် မေ ၁၀
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် (Grade-5) သင်ရိုးသစ် မြို့နယ်အဆင့်ဆင့်ပွား သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က မလှိုင်မြို့ အခြေခံပညာ အထက်တန်းကျောင်း ယမုံနာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်က အဖွင့်အမှာ စကားပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲရေးအတွက် ကလေးသူငယ်များ ပညာ သင်ယူနိုင်မည့်အခွင့်အလမ်းမြင့်မားရေးကိုဦးတည်ပြီး အမျိုးသားပညာရေးမဟာဗျုဟာစီမံကိန်းရည်မှန်းချက်(၉)ရပ် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း ၊ အခြေခံပညာရေးစနစ်ကို (KG+12) အစီအစဉ်ဖြင့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှစတင်ပြီး ပြောင်းလဲပေးခဲ့သည်မှာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပြီးစီးနိုင်ရေး ဆောင်ရွက်ရန်ဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် (၁)နှစ် နောက်ဆုတ်ခဲ့ရပြီးနောက် ယခုမူလတန်းအဆင့် ပဉ္စမတန်း (Grade-5) သင်ရိုးသစ်သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းတက်ရောက်လာသည့် ဆရာ၊ဆရာမများအနေဖြင့် သင်ရိုးညွှန်းတမ်းကိုပိုင်နိုင် စေရန် သင်တန်းကာလတွင် ကြိုးစားသင်ယူသွားကြရန် တိုက်တွန်းပြောကြားခဲ့သည် ။
ဆက်လက်၍ တာဝန်ခံ၊ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းလှက လုပ်ငန်းလမ်းညွှန်မှုနှင့် ပတ်သက်၍လည်းကောင်း ၊ (Grade-5)သင်တန်းမှူး ၊ လက်ထောက်ပညာရေးမှူး ဦးကျော်ဦးမှ သင်တန်းနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေကိုလည်းကောင်း၊ ဆရာဦးတင်ဝင်းက ကျောင်းတွင်တည်းခိုနေထိုင်သည့် ဆရာ၊ဆရာမများလိုက်နာရမည့် စည်းကမ်းများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည် ။
ထို့နောက် မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်က (Ethics) လူ့ကျင့် ဝတ်အကြောင်း သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများမှ ဆရာ၊ဆရာမ(၉၅၄)ဦး တက်ရောက်ခဲ့ပြီး သင်တန်းနည်းပြဆရာ (၆၂)ဦးမှ မြန်မာစာ ၊ အင်္ဂလိပ်စာ ၊ သင်္ချာ ၊ ပထဝီ ၊ သိပ္ပံ ၊ ကာယ၊ စာရိတ္တနှင့်ပြည်သူ့နီတိ ဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၁၀.၅.၂၀၂၂ မှ ၁၃.၅.၂၀၂၂ )ရက်နေ့အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)