ထားဝယ် မေ ၁၀
ကဆုန်လပြည့်နေ့၊ ဗုဒ္ဓနေ့တွင်တိုင်းဒေသကြီးအစိုးရအဖွဲ့မှူးမှ ကြီးမှူးကျင်းပမည့် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ အခမ်းအနားကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးယဉ်ထွေးက လာမည့်ကဆုန်လပြည့်နေ့တွင် တိုင်းဒေသကြီးအစိုးရ အဖွဲ့မှူးမှကြီးမှူး၍ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကျင်းပမှာဖြစ်ကြောင်း၊ ကဆုန်ညောင်ရေသွန်းလောင်းပွဲတော်ကို အစီအစဉ်(၇)ရပ်ဖြင့် ကျင်းပမှာဖြစ်ကြောင်း၊ ကဆုန်ညောင်ရေသွန်းလောင်းပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တက်ရောက်လာသူများအနေဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသောဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဘုရားကြီးဂေါပကအဖွဲ့များက ဆောင်ရွက်ရမည့်အစီအစဉ်များ၊ ကြိုတင်ပြင်ဆင်ရမည့်လုပ်ငန်းများအားရှင်းလင်းဆွေနွေးရာ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးယဉ်ထွေးက လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)