မြဝတီခရိုင်၌ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

မြဝတီ မေ ၁၀

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမတွင် ပြည်သူလူထုအနေဖြင့် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအချက်များ ကြိုတင်ကာကွယ်နိုင်ကြစေရန် ရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲ (Talk  Show)ကို အွန်လိုင်းမှတစ်ဆင့် ရိုက်ကူးထုတ်လွှင့်ပေးသည်။

ရှေးဦးစွာ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်မာမာရီက ပြည်သူအကျိုးပြုအသိပညာပေးဆွေးနွေးပွဲ(Talk Show)ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပေးပြီး ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးဖြိုးမင်းဇော်က ယခုအခါ နွေရာသီရောက်ရှိနေသည့်အချိန်ဖြစ်၍ ပြည်သူလူထုအတွင်း မီးဘေးအန္တရာယ်ကြောင့် အသက်အိုးအိမ်စည်းစိမ်ပျက်စီးဆုံးရှုံးမှု ကြိုတင်ကာကွယ်နိုင်ရန် သတိပေးနှိုးဆော်ခြင်းများ၊ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများနှင့်  ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံများ၊  ဈေးများ၊ ရပ်ကွက်/ ကျေးရွာများ အလိုက်တွင် မီးဘေးအန္တရာယ်ကာကွယ်ရမည့်နည်းလမ်းများ၊ လက်တွေ့သရုပ်ပြပေးမှုများ၊ ဖြစ်ပွားပါက ဆောင်ရွက်ရမည့်နည်းလမ်းများ၊ လျှပ်စစ်မီးသုံးစွဲရာတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ထားသင့်သည့်အချက်များအပြင် မိုးတွင်းကာလများတွင်ဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများတွင် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ပြည်သူလူထုအသိပညာပေးခြင်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်မှုတို့ကို အသေးစိတ်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)