မြိတ် မေ ၁၀
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် မိုးစပါးစိုက်ပျိုး ထွန်ယက်ခြင်းကို မိရိုးဖလာခိုင်းကျွဲများ၊ လက်တွန်းထွန်စက်များနှင့် ထွန်စက်ကြီးများဖြင့် လယ်ဧကများကို စိုက်ပျိုးကြရာ ယခုနှစ်တွင် စိုက်ပျိုးထွန်းယက် စရိတ်မြင့်မားမှုကြောင့် အခက်အခဲကြုံတွေ့နေရသည့် တောင်သူအချို့အား မြိတ်ခရိုင်ဆန်စပါးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌမှ ထွန်စက်ကြီးဖြင့် သက်သာသည့်စရိတ်ဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း တောင်သူများထံမှ သိရသည်။
“လယ်ယာလုပ်ငန်းနှင့် ပတ်သက်ပြီးတော့ အခုအခြေအနေမှာ ဆီဈေးတွေက တော်တော်ကြီး မြင့်တဲ့အတွက် လယ်သမားတွေ အခက်အခဲတော်တော်များများ ကြုံနေရတယ်။ မျိုးစပါးဈေးအပြင် ဆီဈေးကြီးမြင့်လာလို့ လယ်သမားတော်တော်များများက မလုပ်နိုင်တဲ့အခြေအနေ ဖြစ်လာနေကြတယ်” ဟု ကဘင်းကျေးရွာမှ တောင်သူဦးထွန်းဝင်းက ပြောသည်။
ယခုနှစ်တွင် စက်သုံးဆီ ဈေးနှုန်းမြင့်မားမှုကြောင့် ထွန်ယက်စိုက်ပျိုးစရိတ်များ မြင့်မားလျက်ရှိကြရာ ထွန်စက်များဖြင့် ငှားရမ်းထွန်ယက်ကြသည့် တောင်သူတစ်ချို့သည် ယခုနှစ်တွင် စပါးစိုက်ပျိုးရန် အခက်အခဲများ ဖြစ်လျက်ရှိကြကြောင်း၊ အခက်အခဲဖြစ်နေသည့် တောင်သူများအား မိုးစပါးစိုက်ပျိုးနိုင်ရန် မြိတ်ခရိုင်ဆန်စပါး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ OK ဆန်စက်လုပ်ငန်းရှင်မှ ထွန်စက်တစ်စီးဖြင့် ကျောက်ဖျာ၊ အဒွင်း၊ ကဘင်း၊ ပင်းအိုးကျေးရွာ လယ်ဧကများတွင် စတင်ကူညီထွန်ယက်ပေးလျက်ရှိကြောင်း သိရသည်။
“ထွန်စက်ကြီးပိုင်ရှင်တွေက ဆီဈေးနှုန်းကြီးမြင့်လာ၍ တစ်ဧကကို သုံးသောင်းခွဲထိ လိုက်လံ ထွန်ယက်မပေးနိုင်တဲ့ အနေအထားဖြစ်လာအတွက် လယ်သမားတွေလည်း အခက်အခဲတွေ့လာတော့ မစိုက်တော့ဘူးဖြစ်ကြတယ်။ လယ်ထွန်စက် တစ်စီးဝယ်ပြီး ကူညီထွန်ယက်ပေးတဲ့အတွက် လယ်သမားတွေတော်တော်များများပြန်ပြီးလုပ်လာကြပါတယ်။ ထွန်စက်နဲ့ ထွန်ယက်ပေးတာက ဆီဈေးနှင့် လယ်ထွန်စက်မောင်းတဲ့စရိတ်ဘဲယူပြီး ကူညီပေးတာဖြစ်ပါတယ်။ ရိတ်သိမ်းတဲ့ အခမှာလည်း ရိတ်သိမ်းချွေလေ့စက်ကူညီပေးသွားမှာဖြစ်ပါတယ်” ဟု OK ဆန်စက် လုပ်ငန်းရှင် ဦးထွေးဝေက ပြောသည်။ တောင်သူများအား ဆန်စက်လုပ်ငန်းရှင်မှ ထွန်စက်တစ်စီးဖြင့် ထွန်ယက်ကူညီပေးရာတွင် အခက်အခဲဖြစ်လျက်ရှိကြသည့် တောင်သူများ အကူအညီ ဆက်လက်တောင်းလာသောကြောင့် လယ်ဧက(၂၀၀၀)ခန့်ဖြစ်လာ၍ သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ သမဝါယမဦးစီးဌာနမှ ထွန်စက်(၂)စီး ပူးပေါင်းကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အဆိုပါထွန်စက်သည် မေလဒုတိယအပတ်အတွင်း ရောက်ရှိလာမည်ဖြစ်ကြောင်း၊ တောင်သူများ လယ်ယာထွန်ယက်ရာတွင် စရိတ်သက်သာစွာ ထွန်ယက်နိုင်ရန် ထွန်စက်(၂)စီးဖြင့် သမဝါယမ အခန်းကဏ္ဍအနေဖြင့် တစ်ဖက်တစ်လှမ်းမှ တောင်သူများ၏ ထွန်ယက်စရိတ်သက်သာစေရန် မြိတ်ခရိုင်ဆန်စပါးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ခိုင်ထူး(မြိတ်)