နမ့်စန်တွင် ပဉ္စမတန်း (GRADE-5) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်

နမ့်စန်(တ) မေ ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာ မူလတန်းဆင့် ပဉ္စမတန်း  (GRADE-5) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈နာရီခွဲက နမ့်စန်မြို့အခြေခံပညာအထက်တန်းကျောင်း သရဖီခန်းမတွင်ကျင်းပခဲ့ရာ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် ကျော်သက်နိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်နှင့် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် ကျော်သက်နိုင်က အဖွင့်အမှာစကား ပြောကြား ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးက  အမှာစကားပြောကြားကာ မြို့နယ် ပညာရေးမှူး ဦးမြင့်လွင်က (GRADE-5) သင်ရိုးသစ်ဆင့်ပွားသင်တန်း ဖွင့်လှစ်ရခြင်းနှင့် သင်ရိုးသစ် သင်တန်းများ ဆက်လက်ပို့ချဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို နမ့်စန်မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း စုစုပေါင်း ၁၃၁ ကျောင်းမှ မူလတန်းအဆင့်သင် ဆရာ/ဆရာမ ၃၇၂ ဦး တက်ရောက် လျက်ရှိပြီး သင်တန်းနည်းပြများက စာသင်ခန်း ၁၄ ခန်းခွဲ၍ မေလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်