ဗန်းမော် မေ ၁၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ် ဗန်းမော်ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခေတ်မီစံပြကျေးရွာ(SMART VILLAGE) အကောင်အထည်ဖော် ဆောင်ရွက်သည့် ဗန်းမော်မြို့နယ် မံရေးကျေးရွာ၌ မေ ၉ ရက် နံနက် ၁ဝ နာရီက လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ သင်တန်းဖွင့်လှစ်ရာတွင် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်တင်စိုးက လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်ပေးခြင်းဖြင့်ပြည်သူများ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လာနိုင်ပြီး မိသားစုဝင်ငွေများ တိုးပွားလာစေခြင်း၊ အသေးစားစက်မှု လက်မှုလုပ်ငန်းများ ပေါ်ထွန်း လာစေရန်နှင့် ပြည်ပမှ တင်သွင်းသောလူသုံးကုန် ပစ္စည်းများလျော့နည်းလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးရကြောင်း အဖွင့်အမှာ စကားပြောကြား ခဲ့သည်။
အဆိုပါသင်တန်းတွင် မံရေးကျေးရွာရှိ ဒေသခံပြည်သူမှ သင်တန်းသားသင်တန်းသူ(၂၃)ဦး တက်ရောက်ကြပြီး ဘက်စုံသုံးဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာ၊ မှန်ကြည်ဆေး၊ သဘာဝခေါင်း လျှော်ရည်၊ မျက်နှာသစ်ဆပ်ပြာခဲ၊ လက်ဆေးဆပ်ပြာရည်၊ ပန်းကန်ဆေးဆပ်ပြာရည်၊ အဝတ်လျှော်ဆပ်ပြာရည်၊ Hand Gel စသည့် လူသုံးကုန်ပစ္စည်း(၁ဝ)မျိုးကို မေလ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ စာတွေ့ လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)