ရန်ကင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဓမ္မာစရိယစာမေးပွဲ အဌမနေ့နှင့် ပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့ ဆက်လက်ဖြေဆို

ရန်ကင်း မေ ၁၀

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၂ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်း မြို့နယ်တွင် မြို့နယ် သံဃာ့နာယကအဖွဲ့ဝင် ဆရာတော်များနှင့် ကြီးကြပ်ရေး ဆရာတော်ကြီးများက စီစဉ်ကြီးကြပ်ကာ အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းဘုရားလမ်းရှိ မဟာသာသနာ့ဗိမာန်တော်ကြီး၌ ပါဠိပထမ ပြန်စာမေးပွဲကို ယမန်နေ့မွန်းတည့် (၁၂နာရီက စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သြဝါဒစရိယဆရာတော်ကြီးများ၊ စာမေးပွဲကြီးကြပ်ရေး ဆရာတော်များ၊ စာဖြေ သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား ရန်ကုန်အရှေ့ပိုင်းခရိုင် အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရန်ကင်းမြို့နယ် အမျိုးသမီးရေးရာ အဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့မှ အချိုရည်နှင့် ရေသန့်ဘူးများကို ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ သာသနာ့ဗိမာန်တော်ကြီးအတွင်း ၂၀၂၂ခုနှစ် ပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့ ဖြေဆိုမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်စောင့်ရှောက်ရေးအသင်း၊ ရန်ကုန်အရှေ့ပိုင်းခရိုင် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့မှ  ဖူး‌မျှော် ကြည်ညိုခဲ့ကြသည်။ 

ရန်ကင်းစာဖြေဌာနတွင် ၂၀၂၂ ခုနှစ် ဓမ္မာစရိယစာမေးပွဲကို ဧပြီ ၃၀ ရက်မှ မေလ ၉ ရက် အထိလည်းကောင်း၊ ပါဠိပထမပြန်စာမေးပွဲကို  မေလ ၇ရက်မှ ၁၃ရက်အထိ လည်းကောင်း ကျင်းပလျက်ရှိရာ၊ ပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့တွင် ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်းနှင့် အခြေပြုမူလတန်း ဖြေဆိုသူ (၁၅၃)ပါး ရှိကြောင်း သိရသည်။

စာဖြေသံဃာတော်များနှင့် သီလရှင်များ အဆင်ပြေ ချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ယာဉ်ထိန်း တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ အလှူရှင်များက စာဖြေသံဃာတော်များ၏ ဆွမ်း၊ ကွမ်း၊ ဝေယျာ ဝစ္စများနှင့် ကျန်းမာရေး ကိစ္စရပ် များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။       

အိရွှေစင်