ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် တည်‌ဆောက်ပြီးစီးသည့် ဧရာဝတီဧည့်ရိပ်သာ အဆောက်အအုံသစ်ဖွင့်လှစ်

မြစ်ကြီးနား မေ ၉

ကချင်ပြည်နယ်သို့ နိုင်ငံတော်အကြီးအကဲများ၊ ပြည်ထောင်စုအဆင့် အရေးကြီးပုဂ္ဂိုလ်များ လာရောက်ပါက တည်းခိုဧည့်ခံနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် မြစ်ကြီးနားမြို့ ကမ်းနားလမ်းရှိ ဧရာဝတီဧည့်ရိပ်သာ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်တွင် အဆိုပါအဆောက်အအုံရှေ့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ရှေးဦးစွာ ဧရာဝတီဧည့်ရိပ်သာ အဆောက်အအုံသစ်ကို ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဧည့်ရိပ်သာဆိုင်းဘုတ်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးတို့က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများသည် အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပေးကြကာ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊ တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံစုပေါင်း ရိုက်ကူးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများသည် ဧရာဝတီဧည့်ရိပ်သာအတွင်း အရေးကြီးပုဂ္ဂိုလ် တည်းခိုဆောင်၊ ဧည့်တွေ့ခန်းမ၊ အစည်းအဝေးခန်းမ၊ အိပ်ခန်းဆောင်များ၊ စားသောက်ခန်းမ၊ ရုံးခန်းများဖြင့် ဖွဲ့စည်းတည်ဆောက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)