တာမွေမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ တတိယနေ့ ကျင်းပ

တာမွေ မေ ၉

မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာထွန်းကားစေရန်နှင့် ပရိယတ္တိ သာသနာအကျိုးကို သယ်ပိုးထမ်း ဆောင်ကြမည့် သာသနာ့အာဇာနည်ကြီးများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ စီစဉ်ကျင်းပသော ၂၀၂၂-ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ တတိယနေ့ကို ယနေ့မွန်းတည့် (၁၂)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ မြန်မာသီရိလင်္ကာရာမကျောင်း တိုက်၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ၂၀၂၂-ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ဝင်ရောက်ဖြေဆိုနေသည့် သံဃာတော်များနှင့် စာမေးပွဲ ကြီးကြပ်ရေး ဆရာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်နှင့် အဖွဲ့ဝင်များ၊ သာသနာရေး ဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်ဖူးမြော် ကြည်ညိုခဲ့ကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ၂၀၂၂-ခုနှစ် မေ(၇)ရက်နေ့မှ မေ(၁၃)ရက်နေ့အထိ ကျင်းပသော ၂၀၂၂-ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ၌ မြို့နယ်အတွင်းရှိ စာသင်တိုက်များမှ ပထမကြီး တန်း(၆၆)ပါး၊ ပထမလတ်တန်း(၅၃)ပါး၊ ပထမငယ်တန်း(၈၅)ပါးနှင့် အခြေပြုမူလတန်း(၉၈)ပါး စုစုပေါင်း စာဖြေ သံဃာတော် အပါး(၃၀၂)တို့ ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားရာ ယနေ့စာမေးပွဲ တတိယနေ့တွင် ပထမကြီး တန်း(၆၂)ပါး၊ ပထမလတ်တန်း (၄၆)ပါး၊ ပထမငယ်တန်း(၆၂)ပါးနှင့် အခြေပြုမူလတန်း (၇၇)ပါး စုစုပေါင်း စာဖြေသံဃာတော် (၂၄၇)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်