သုံးခွ မေ ၉
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များအနက် ကျေးရွာစာကြည့်တိုက် (၃)တိုက်အား ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသော စာအုပ်စာစောင်များ ထပ်ဆင့်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသော စာအုပ်စာစောင်များ ထပ်ဆင့်လှူဒါန်းပွဲ အခမ်းအနားတွင် မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဝိတ်က သုံးခွမြို့နယ်အတွင်း စာကြည့်တိုက် (၂၇)တိုက်ရှိပြီး အဆိုပါစာကြည့်တိုက်များကို ရှင်သန်ဖွံ့ဖြိုး တိုးတက်စေလိုကြောင်း၊ ယခုလို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသော စာအုပ်များသည် အရမ်းကောင်းမွန်သည့် စာကောင်းပေကောင်းများ ဖြစ်ကြောင်း၊ စာကြည့်တိုက်များတွင် စာအုပ်စာစောင် တိုးပွားရေးကိုလည်း ဆောင်ရွက်ကြစေလိုကြောင်း၊ စာကြည့်တိုက် ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် စာကြည့်တိုက်ကော်မတီ၀င်များ ပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက စာအုပ်စာစောင်များ လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များကို ရှင်သန်စေလိုကြောင်း၊ ယနေ့လှူဒါန်းခြင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ လှူဒါန်းရရှိသော စာအုပ်များကို မြို့နယ်များရှိ ရှင်သန်နေသော စာကြည့်တိုက်များသို့ လှူဒါန်းခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ စာကြည့်တိုက်အားလုံး ရှင်သန်ရေးအတွက် မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှုကော်မတီနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တက်ရောက်လာသူများမှလည်း စာကြည့်တိုက်များ ပုံမှန်ဖွင့်လှစ်၍ ရှင်သန်ခိုင်မာရေးအတွက် ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် စာအုပ်လှူဒါန်းပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်ဝိတ်က မကျီးပေါက်ကန်ကျေးရွာရှိ လူငယ့်အားမာန်စာကြည့်တိုက်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းစောဝေက ပုလဲကျေးရွာ ပုလဲရတနာစာကြည့်တိုက်၊ မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှုကော်မတီအဖွဲ့၀င် ဦးသန်းလွင်က နံယောကျေးရွာ ပညာဒါနစာကြည့်တိုက်တို့အား အသီးသီး ပေးအပ်လှူဒါန်းခဲ့ကြပြီး ကျေးရွာစာကြည့်တိုက် ကော်မတီ၀င်များမှ စာအုပ်စာစောင်များ လက်ခံရယူခဲ့ကြသည်။
လှူဒါန်းပွဲအခမ်းအနားအပြီးတွင် တက်ရောက်လာသူများက မြို့နယ်ရုံတွင် ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များအား လှည့်လည်ကြည့်ရှု ကြကြောင်း သိရသည်။
စည်သူလင်း