ပုဇွန်တောင် မေ ၉
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူး ကျင်းပသည့် ၂၀၂၂ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ အဘိဓမ္မတ္ထသင်္ဂဟ (တတိယနေ့) ဘာသာရပ်ကို ယနေ့ မွန်းတည့် (၁၂) နာရီအချိန်တွင် ပုဇွန်တောင် မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်ရှိ ဘုရားဖြူကျောင်းတိုက်၌ စာဖြေ သံဃာတော်များ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် အဖွဲ့ဝင်များသည် သြဝါဒါစရိယ ဆရာတော်ကြီးများ၊ စာမေးပွဲကြီးကြပ်ရေး ဆရာတော်များနှင့် စာဖြေဆိုသည့်သံဃာတော် (၃၂) ပါးတို့အား ဝတ္ထုငွေနှင့် အအေးများကို ဆက်ကပ်လှူဒါန်းခဲ့ကာ စာဖြေဆိုမှုအား ကြည့်ရှုကြည်ညို ခဲ့ကြောင်း သိရသည်။
အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲအား ကြွရောက်ဖြေဆိုလျက်ရှိသည့် သံဃာတော်များ၊ နာယကဆရာတော်များနှင့် စာမေးပွဲကြီးကြပ်ဆရာတော်များ အဆင်ပြေစွာ သီတင်းသုံးနေထိုင်နိုင်စေရေးနှင့် ဆွမ်းဝေယျာဝစ္စကိစ္စအရပ်ရပ်များ အဆင်ပြေစွာ သုံးဆောင်နိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ဦးဆောင်စီမံဆောင်ရွက်ပြီး ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒါယိကာ၊ ဒါယိကာမ အလှူရှင်များမှ နေ့စဉ်ဆက်ကပ် လှူဒါန်းလျက်ရှိကြောင်း သတင်းရသည်။
ဟန်စုယဉ်