တံတား မေ ၉
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခြေခံသိုးမွှေးထိုးနည်း သင်တန်းကို ယနေ့နံနက် (၉)နာရီအချိန်က အခမဲ့ စတင်ဖွင့်လှစ် သင်ကြားပေးခဲ့သည်။
အဆိုပါ သိုးမွှေးထိုးနည်း သင်တန်းကို နွေရာသီ ကျောင်းပိတ်ရက်တွင် ကျောင်းသား / ကျောင်းသူများအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ ကာယဉာဏ ဖွံဖြိုးတိုးတက်စေရန်၊ အခြေခံလက်မှုပညာတတ်မြောက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပြီး သင်ကြားပြသရာတွင် တံတားမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်း ကျောင်းသူ မဖြိုးဇင်မီကျော်က တက်ရောက်လာသော သင်တန်းသားများအား ချည်ထိုးအပ်ကိုင်ပုံ၊ ချည်ကိုင်ပုံကိုင်နည်းများမှစ၍ အခြေခံ ဖြစ်သော ဖွတ်မြီးကျစ်ချည်ထိုးနည်းကို ကျွမ်းကျွမ်းကျင်ကျင်ဖြစ်စေရန် သေသပ်ကောင်းမွန်စွာ သင်ကြားပြသပေးခဲ့ရာ တက်ရောက်လာသော သင်တန်းသား ကျောင်းသား / ကျောင်းသူများမှာ စိတ်ပါဝင်စားစွာ သင်ယူခဲ့ကြသည်။ ထိုသင်တန်းကို မေလ (၉) ရက်နေ့မှ (၁၀)ရက်နေ့အထိ (၂)ရက်ကြာ အခမဲ့ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
မိုးဖြူလွင်