အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြုပြင်ရေးသင်တန်းဖွင့်လှစ်

အင်ဂျန်းယန် မေ ၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးမှုးဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြုပြင် သင်တန်းကို မြစ်ကြီးနားမြို့ ပလန(၂) ကျေးရွာတွင်နေထိုင်လျက်ရှိသည့် မြစ်ဆုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ နေအိမ်တွင် ယနေ့နံနက် (၁၀) နာရီက ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ ကချင်ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ဒေါ်စိုးစိုးဦးက သင်တန်းဖွင့် အမှာစကားပြောကြားပြီး အင်ဂျန်းယန်မြို့နယ်ဦးစီးမှူး ဦးစောသီဟက ဆိုင်ကယ်ပြုပြင်ရေးသင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် အင်ဂျန်းယန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းစိုးနှင့် တာဝန်ရှိသူများက သင်တန်းသုံး သင်ထောက်ကူပစ္စည်းများနှင့် ကုန်ကြမ်း ပစ္စည်းများကို သင်တန်းနည်းပြများထံသို့ အပ်နှံပေးအပ်ခဲ့ကြသည်။

အဆိုပါ သင်တန်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ပလနကျေးရွာအုပ်စု၊ ပိတောက်မြိုင် ကျေးရွာ၊ စိန့်ဂျိုးဇက်အသင်းတော် (IDP Camp)နှင့် တြီနီတီ(IDP Camp)တွင် နယ်မြေဒေသ အခြေအနေအရ နေထိုင်လျက်ရှိသော အင်ဂျန်းယန်မြို့နယ်ဒေသမှ သင်တန်းသား (၂၀)ဦးတို့အား သင်တန်းနည်းပြ (၃)ဦးတို့က မေ (၉)ရက်နေ့မှ မေ (၂၇) ရက်နေ့ထိ လက်တွေ့ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကျော်စိုးနိုင်(မြို့နယ်ပြန်/ဆက်)