ဆိပ်ကြီးခနောင်တို မေ ၉
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် ကျရောက်သည့် “ကမ္ဘာ့ကြက်ခြေနီနေ့” အခမ်းအနားနှင့် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်လှိုင်မှ အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဌက မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကြက်ခြေနီသူနာပြုလူမှုကူညီရေး ပရဟိတလုပ်ငန်းများငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တာဝန်ရှိသူများက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာလအတွင်းရောဂါကာကွယ်၊ တားဆီးရေးလုပ်ငန်းများနှင့် လူမှုကရုဏာ လုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသော ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၁/၂၀၂၁)တွင် ဆုရရှိခဲ့သည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့တွင် တပ်ဖွဲ့ဝင် ၁၃၄ ဦးရှိပြီး၊ တပ်ဖွဲ့ဝင်များအနေဖြင့် လူသားချင်းစာနာထောက် ထားခြင်း၊ ခွဲခြားမှုမရှိခြင်း၊ ကြားနေခြင်း၊ လွတ်လပ်စွာဆောင်ရွက်ခြင်း၊ စေတနာဖြင့်ဝန်ဆောင်ခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ ကမ္ဘာတစ်ဝန်းပျံ့နှံ့ခြင်းစသည့် ကြက်ခြေနီအခြေခံမူ ၇ ချက်ဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်နှင့် အခြားလူမှုကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ၊ မြို့နယ်သန့်ရှင်းသာယာလှပရေးလုပ်ငန်းများတွင် တာဝန်ကျရာ ကဏ္ဍအလိုက် ကိုယ်ကျိုးမဖက်ဘဲ ပရဟိတစိတ်ဖြင့် အစဉ်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝေယံ(IPRD)