ညောင်ဦး မေ ၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် လက်ပံခြေပေါ်မြစ်ရေတင်ဖြင့် စိုက်ပျိုးထားသည့် နွေပဲတီစိမ်းစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းကာ စတင်ဆွတ်ခူးရောင်းချချိန် နွေပဲတီစိမ်းတစ်တင်းလျှင် ၄၂၀၀၀ ကျပ်ရောင်းချနေရခြင်းကြောင့် မြစ်ရေတင်ဖြင့်နွေပဲတီစိမ်း စိုက်တောင်သူများမနှစ်က ထက်ဈေးနှုန်းပိုရနေကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန (ရေအရင်းမြစ်)၊ညောင်ဦးမြို့နယ် လက်ပံခြေပေါ်မြစ်ရေတင်မှ ယခုနှစ်တွင် နွေစပါး ၂၂၅ဧက နှင့် အခြားသီးနှံဖြစ်သည့် နွေပဲတီစိမ်းနှင့်ငှက်ပျောစိုက်ပျိုးကြရာ နွေသီနှံ စုစုပေါင်း ၅၉၃ဧကစိုက်ပျိုး အောင်မြင်ဖြစ်ထွန်းခဲ့ပြီး၊ နွေပဲတီစိမ်း စိုက်ပျိုးဧက ၃၀၀ကျော်ရှိခဲ့ကာ ပေါ်ဦးပေါ်ဖြားနွေပဲတီစိမ်း တစ်တင်း ၄၂၀၀၀ကျပ်ထိ ရောင်းချရခြင်းကြောင့် မြစ်ရေတင်ဖြင့် စိုက်ပျိုးသည့်တောင်သူများ ယခင်နှစ်နွေပဲတီစိမ်းပေါ်ဦးပေါ်ဖျားဈေးနှုန်းထက်၃၀၀၀ကျပ် ဈေးနှုန်းပိုရကြောင်း ပဲတီစိမ်းစိုက် တောင်သူ ဦးကျော်ဆန်းထံက သိရသည်။ နွေပဲတီစိမ်းစိုက် ပျိုးခြင်းအား ဖေဖော်ဝါရီလလယ် လောက်တွင် စတင်စိုက်ပျိုးကြဲပက်ကြကာ စိုက်ပျိုးကြဲပက်ပြီး လေးဆယ့်ငါးရက်ကြာလျှင် ပဲတီစိမ်း အဖူး၊ အပွင့်များစတင်ဖူးပွင့်ပြီး ရက်ခြောက်ဆယ်(၂) လပြည့်လျှင် ပဲတီစိမ်းစတင်ဆွတ်ခူးရောင်းချ ကြကြောင်း ထွက်ရှိလာသည့် ပဲတီစိမ်းများအား ပခုက္ကူပွဲရုံများသို့ သွားရောက်ရောင်းချကြကြောင်း သိရသည်။ စိုက်ပျိုးသည့် ပဲတီစိမ်းမျိုးများမှာ ရေဆင်း-၁၁၊ရေဆင်း-၁၄ မျိုးများစိုက်ပျိုးကြကာ တစ်ဧက တင်းနှစ်ဆယ်ထွက်ကြောင်း သိရသည်။
နွေပဲတီစိမ်း တစ်ဧကစိုက်ပျိုးလျှင် မြစ်ရေတင်ရေသွင်းခ ပဲတီစိမ်းဆွတ်ခူးသိမ်းပြီးသည်အထိ တစ်ဧက ၃၀၀၀ကျပ်သာပေးသွင်းရခြင်းကြောင့် တောင်သူများအခက်အခဲတစ်စုံ တစ်ရာမရှိကြောင်း သိရပြီး၊ နွေစပါး တစ်ဧကလျှင် စပါးရိတ်သိမ်းပြီးသည်အထိ (၉၀၀၀)ကျပ် သာပေးသွင်းရကြောင်း လက်ပံခြေပေါ်မြစ်ရေတင် တာဝန်ခံဦးစီးမှူး ဦးထွန်းဇော်ထံကသိရကာ ပေါ်ဦးပေါ်ဖျားပဲတီစိမ်း တစ်တင်း ၄၂၀၀၀ကျပ်ထိရောင်းချနေရပြီး ပဲတီစိမ်းလှိုင်လှိုင်ပေါ်ချိန် ၃၉၀၀၀ကျပ်ဈေးအောက် မရောက်နိုင်ခြင်းကြောင့် နွေပဲတီစိမ်းစိုက်တောင်သူများတွက် ခြေကိုက်မည့်နှစ်တစ်နှစ်ဖြစ်ကြောင်း ပဲတီစိမ်းစိုက်တောင်သူများထံမှ သိရသည်။
ကိုထိန်၊KPD