တာမွေ မေ ၇
မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားစေရန်နှင့် ပရိယတ္တိ၊ ပရိပတ္တိ သာသနာအကျိုးကို သယ်ပိုးထမ်းဆောင်ကြမည့် သာသနာ့အာဇာနည်ကြီးများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ စီစဉ်ကျင်းပသော ၂၀၂၂-ခုနှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲကို ယနေ့မွန်းတည့် (၁၂)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ရန်ကုန် အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ မြန်မာသီရိလင်္ကာရာမ ကျောင်းတိုက်၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ ၂၀၂၂-ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ဝင်ရောက်ဖြေဆိုနေသည့် သံဃာတော်များနှင့် စာမေးပွဲကြီးကြပ်ရေး ဆရာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုအောင်နှင့် အဖွဲ့ဝင်များ၊ သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်ဖူးမြော် ကြည်ညိုခဲ့ကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ၂၀၂၂-ခုနှစ် မေ(၇)ရက်နေ့မှ မေ(၁၃)ရက် နေ့အထိ ကျင်းပသော ၂၀၂၂-ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ၌ မြို့နယ်အတွင်းရှိ စာသင်တိုက်များမှ ပထမကြီး တန်း(၆၆)ပါး၊ ပထမလတ်တန်း(၅၂)ပါး၊ ပထမငယ်တန်း(၈၃)ပါးနှင့် အခြေပြု မူလတန်း (၉၉)ပါး စုစုပေါင်း စာဖြေ သံဃာတော် အပါး(၃၀၀)တို့ ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားရာ ယနေ့ စာမေးပွဲ ပထမနေ့တွင် ပထမကြီးတန်း(၆၂)ပါး၊ ပထမလတ်တန်း (၄၆)ပါး၊ ပထမငယ်တန်း(၆၅)ပါးနှင့် အခြေပြုမူလတန်း(၇၄)ပါး စုစုပေါင်း စာဖြေသံဃာတော် (၂၄၇)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(တာမွေ)