မိုးညှင်းမြို့နယ်၌ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် သရုပ်ပြကြဲပက် စိုက်ပျိုးပွဲ ကျင်းပ

မိုးညှင်း မေ ၇

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မိုးရာသီစိုက်ပျိုးရာ၌ မြေဆီလွှာများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပွဲနှင့် သရုပ်ပြကြဲပက်စိုက်ပျိုးပွဲကို ယနေ့နံနက်(၉)နာရီခွဲက ရွာသစ်ကုန်းကျေးရွာရှိ တောင်သူ ဦးခင်မောင်ဝင်း၏ လယ်မြေတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်ကြရာ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီလွင်က တောင်သူ တစ်ဦးအား သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ကို လယ်(၅)ဧကအတွက် တစ်တင်းခွဲ ထောက်ပံ့ပေးအပ်ပြီး သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့များကို တောင်သူဦးခင်မောင်ဝင်း၏ ကွင်းအမှတ်(၃၂၁)၊ ဦးပိုင်အမှတ်(၉)၊ လယ်မြေ (၅)ဧကတွင် (၁)ဧကလျှင် လေးပြည်နှုန်းဖြင့် ပြည်(၂၀)ကို စုပေါင်းကြဲပက်စိုက်ပျိုးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးတင့်မျိုးကိုက သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့ဟာ နိုက်ထရိုဂျင်ဓါတ်လို့ခေါ်တဲ့ ပုလဲမြေဩဇာရရှိနိုင်ရန် အတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့များကို ကြဲပက်ပြီးနောက် (၄၅)ရက်သားအကြာတွင် ဖူးပွင့်လာပြီး နိုင်ထရိုဂျင်ထုတ်လုပ်မှု အမြင့်မားဆုံးဖြစ်၍ ထယ်ထိုးမြေလှန်ရမှာဖြစ်ပါတယ်။ ထိုကဲ့သို့ မြေလှန်အပုတ်အဆွေးခံပြုလုပ်ခြင်းဖြင့် ပုလဲမြေဩဇာအစားထိုး သဘာဝမြေဩဇာရရှိသည့်အတွက် တောင်သူများအနေဖြင့် များစွာအကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဇွဲသူရအောင်(ပြန်/ဆက်)