မိတ္ထီလာ မေ ၇
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ မိတ္ထီလာနည်းပညာ တက္ကသိုလ်တွင် (၁၈)ကြိမ်မြောက် အင်ဂျင်နီယာဘွဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်က အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က ဘွဲ့ယူ မောင်မယ်များအား ဂုဏ်ပြုအမှာစကားကို Zoom Applicationဖြင့် ပြောကြားခဲ့သည်။ ထို့နောက် မိတ္ထီလာနည်းပညာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်ချမ်းဝင်းက အင်ဂျင် နီယာဘွဲ့ယူမည့် သူများအား ကတိပြုခြင်းများ ဆောင်ရွက်ခဲ့ပြီး ၂၀၁၉-၂၀၂၂ပညာသင်နှစ်အတွက် အင်ဂျင်နီယာဘွဲ့ (အီလက်ထရောနစ်၊ လျှပ်စစ်စွမ်းအား၊ စက်မှု၊ သုတနည်းပညာ၊ မြို့ပြ)တို့တွင် ဘွဲ့ယူမည့်သူများအား ဘွဲ့လက်မှတ်များကို အသီးသီးပေးအပ်ခဲ့သည်။ ၎င်းနောက် ဒုတိယ ပါမောက္ခချုပ်က ဘွဲ့နှင့်လျော်ညီသော အမှတ်လက္ခဏာဖြစ်သည့် ဘွဲ့ဝတ်ရုံများကို ဝတ်ဆင် ခွင့်ပြုခြင်းနှင့် အဝေးရောက်ဘွဲ့ယူမည့်သူများအား ဘွဲ့အပ်နှင်း ပေးခဲ့ပြီး ဘွဲ့နှင်းသဘင်မိန့်ခွန်းကို ပြောကြားခဲ့သည်။
အဆိုပါ (၁၈)ကြိမ်မြောက် အင်ဂျင်နီယာဘွဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် မိတ္ထီလာနည်းပညာ တက္ကသိုလ်မှ ၂၀၁၉-၂၀၂၂ပညာသင်နှစ်အတွက် ဘွဲ့တက်ရောက်ယူသူ အင်ဂျင်နီယာဘွဲ့ (အီလက်ထရောနစ်)တွင် ၇ ဦး၊ အင်ဂျင်နီယာဘွဲ့(လျှပ်စစ်စွမ်းအား)တွင် ၁၆ဦး၊ အင်ဂျင်နီယာဘွဲ့ (စက်မှု)တွင် ၂၅ ဦး၊ အင်ဂျင်နီယာဘွဲ့(သုတနည်းပညာ)တွင် ၄ ဦး၊ အင်ဂျင်နီယာဘွဲ့ (မြို့ပြ)တွင် ၂၈ ဦးရှိပြီး အဝေးရောက် ဘွဲ့ယူသူ အင်ဂျင်နီယာဘွဲ့ (အီလက်ထရောနစ်)တွင် တစ် ဦး၊ အင်ဂျင်နီယာ ဘွဲ့ (လျှပ်စစ်စွမ်းအား)တွင် ၆ ဦး၊ အင်ဂျင်နီယာဘွဲ့ (စက်မှု)တွင် ၄ ဦး၊ အင်ဂျင်နီယာဘွဲ့ (သုတနည်းပညာ)တွင် တစ်ဦး၊ အင်ဂျင်နီယာဘွဲ့ (မြို့ပြ)တွင် ၁၅ ဦးရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)